ရန်ကုန်ကနေ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့ကို သွားတဲ့ ခရီးသည်တင်ယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ ရခိုင်လူငယ် ၃ ယောက်ကို ဒီဇင်ဘာ ၂၄ ရက် ညနေက ပန်တိုင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ အရွဲကျေးရွာ၊ ပန်တိုင်စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီခွဲက ကနောင်ခရီးသည်တင်ယာဥ်ပေါ်က ရခိုင်လူငယ် ၃ ယောက်ကို ဖမ်းဆီးခဲ့တာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးနဲ့ နီးစပ်သူက “သံတွဲက လူငယ် ၃ ဦးပါ၊ ပန်တိုင်စစ်ဆေးရေးဂိတ်က ညနေဘက်မှာ ဖမ်းပြီး စစ်ကြောရေးကို ပို့လိုက်တာ” လို့ DVB ကို ပြောပါတယ်။
ဖမ်းဆီးခံရသူ ၃ ယောက်မှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ တုံးတောကျေးရွာနေ သိန်းတန်၊ ချစ်ကိုဦးနဲ့ ကျော်ဖြိုးလင်း တို့ဖြစ်ပြီး စစ်တပ်ဘက်က AA လက်နက်ကိုင်တွေ ဖြစ်တယ်လို့ စွပ်စွဲပြီး စစ်ကြောရေးကို ပို့ခဲ့တာလို့ သူက ရှင်းပြပါတယ်။
နပခ(အမ်း) ကို အာရက္ခတပ်တော် (AA) က သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီက ရခိုင်လူမျိုးတွေအား အငြိုးထား ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်ကလည်း ရန်ကုန်ကနေ ပဲခူးကိုသွားတဲ့ မီနီဘတ်စ် ခရီးသည်တင်ယာဥ်ပေါ်က ရခိုင်လူမျိုးတွေကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းတာတွေလည်း ရှိပါတယ်။