ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ လူနေထူထပ်ပြီး အရပ်သားပိုင် အုန်းခြံ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေထဲအထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၃ ရက်ကစတင်ပြီး စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဟိုင်းကြီးကျွန်းမြို့မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်လို့ သတင်းရတာကြောင့်ဆိုပြီး စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာလို့ ဆိုပါတယ်။
ဟိုင်းကြီးကျွန်းဒေသခံတယောက်က “စကစတပ်က လုပ်ငန်းခွင်တွေထဲအထိ နယ်မြေလာရှင်းလင်းနေတာ။ အုန်းခြံတွေထဲ မနေ့က ရောက်လာပြီး AA နဲ့ PDF တွေရဲ့ တံဆိပ်ပြပြီး ဒီလိုဝတ်ဆင်ထားသူတွေ လာသလားမေးပြီး ရမ်းသန်းပစ်ခတ်နေတာ၊ ဘယ်သူမှ အလုပ်မလုပ်ရဲဘူး၊ ထွက်ပြေးနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းရွာ၊ ကုန်းတန်းကျေးရွာ၊ ဆားကွင်းကျေးရွာတွေထဲက လုပ်ငန်းခွင်တွေထဲမှာ အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ဟိုင်းကြီးကျွန်း ဒေသခံတယောက်က “စစ်ကောင်စီတပ်ဘက်က အရပ်သားတွေရဲ့ လုပ်ငန်းခွင်တွေထဲမှာ ရမ်းသန်းပစ်ခတ်နေတာ၊ ဘယ်သူက နေရဲမှာတုန်း။ လက်နက်ကြီးတွေနဲ့ကို ပစ်နေတာ။ သတင်းအမှားတွေရပြီး လုပ်နေတာ။ ဒီအတိုင်းဆို ဧရာဝတီတိုင်းမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ဖို့ သေချာတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငရုတ်ကောင်း၊ ဂေါ်ရင်ဂျီကမ်းခြေ ပတ်လမ်းအနီးမှာလည်း အထိုင်ချ တပ်စွဲထားသလို ကင်းပုန်းဝပ် စောင့်နေသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။