Home
မြန်မာသတင်း
ပခုက္ကူတွင် စစ်​တပ်က စာသင်ကျောင်းနှင့် နေအိမ် ၁၃၀ ကျော်ကို မီးရှို့ဖျက်ဆီး
DVB
·
December 24, 2024
Photos : ပခုက္ကူအခြေစိုက် PDF တပ်ဖွဲ့ဝင်တဦး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး စာသင်ကျောင်း အပါအဝင် လူနေအိမ် ၁၃၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြတယ်လို့ သိရပါတယ်။

ပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “ရေလာလေးပျူစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စစ်ကြောင်းတွေက ဆက်တိုက်ထိုးနေတယ်။ တကြောင်းပြီးတကြောင်း ထိုးနေတယ်လို့တောင် ပြောလို့ရတယ်ဗျ။ အရင်စစ်ကြောင်း ထွက်သွားပြီး အခုလည်း စစ်ကြောင်းနောက်တကြောင်း ထပ်ထိုးနေတယ်။ အခုထိုးနေတဲ့ အင်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းက ညောင်ဂျစ်ပင်ပျူရွာမှာ ရှိနေသေးတယ်ဗျ။ မြိုင်နယ်ဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးနိုင်တဲ့ အနေအထား ရှိနေတယ်။ အဲဒီစစ်ကြောင်းကို မျက်ခြည်မပြတ်အောင်တော့ လိုက်နေပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်မှာ ပခုက္ကူမြို့နယ်၊ ရေလာလေးပျူစောထီးကျေးရွာ စစ်ကောင်စီတပ် အထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၃ ရက်က စတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာတွေက စာသင်ကျောင်း အပါအဝင် လူနေအိမ် ၁၃၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြတာလို့ ဆိုပါတယ်။

ပခုက္ကူလူထုတိုက်ပွဲကော်မတီဝင် ကိုစိုးထွဋ်က “၁၃ ရက်နေ့ကနေစပြီး ထိုးတဲ့စစ်ကြောင်းက ရေလာကြီးရွာက အိမ် ၇၉ လုံး၊ ဝါးကျွန်းတွင်းရွာက စာသင်ကျောင်း ၁ ကျောင်းနဲ့ အိမ် ၂၃ လုံး၊ ရွာသာအေးရွာက အိမ် ၂၃ လုံး၊ ရေမျက်ရွာက အိမ် ၈ လုံးနဲ့ ပြည့်အိုင်ရွာက အိမ် ၁ လုံးကို မီးရှို့သွားကြတယ်ဗျ။ စုစုပေါင်း စာသင်ကျောင်း ၁ ကျောင်းနဲ့ အိမ် ၁၃၅ လုံး မီးရှို့ခံရလို့ ပျက်စီးသွားပါတယ်။ မီးရှို့မခံရတဲ့ အိမ်တွေဆိုရင်လည်း ပစ္စည်းတွေ အခိုးခံရတယ်။ အဲဒီ မီးရှို့သွားတဲ့ တပ်မ ၁၀၁ က စစ်ကြောင်းက ထွက်သွားပြီ။ အခုရက်ပိုင်း စစ်ကြောင်း နောက်တကြောင်း ထပ်ထိုးနေလို့ မီးရှို့ခံရတဲ့ရွာတွေအပြင် တခြားရွာတွေက ပြည်သူတွေ ရွာတွေထဲ မပြန်ရဲကြသေးဘူး။ နီးစပ်တဲ့နေရာတွေမှာ စစ်ရှောင်နေကြရတာ ၁၀ ရက်ကျော်လောက် ရှိပါပြီ။ စစ်ဘေးရှောင်အရေအတွက်ကတော့ များတယ်ဗျ။ အတိအကျပြောဖို့တော့ မလွယ်သေးဘူး” လို့ DVB ကို ပြောပါတယ်။

ပခုက္ကူမြို့နယ်နဲ့ ထိစပ်နေတဲ့ မြိုင်မြို့နယ် တောင်ပိုင်းကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲတွေရဲ့ အခြေအနေတွေကို အာရုံစိုက် အလေးထားနေထိုင်ကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးသွားကြတဲ့ ကျေးရွာတွေက ပြည်သူတွေအပြင် ဖောင်ချောင်းကျေးရွာ၊ ဖောင်းခွဲကျေးရွာနဲ့ ထန်းတပင်ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေပြီး အကူအညီတွေလည်း လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေကြသူတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013