ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းဘက်က မြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်အင်အား ဖြည့်တင်းထားပြီး ခံစစ်ပြင်ဆင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရေကြည်၊ မြန်အောင်၊ ကြံခင်း၊ ကျုံပျော်၊ သာပေါင်း၊ ဟင်္သာတ စတဲ့မြို့နယ်တွေမှာ ဒီဇင်ဘာ ၂၁ ရက်က စတင်ပြီး စစ်အင်အားဖြည့်တင်းထားပြီး ခံစစ်ပြင်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ပြီးခဲ့တဲ့ရက်က အသိမ်းခံရတဲ့ ငသိုင်းချောင်းမြို့နဲ့ မိုင် ၂၀ ကျော်လောက်သာဝေးတဲ့ ဗေဒါစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေကို ရေကြည်မြို့နယ် အခြေစိုက် အမှတ် ၃၄၄ အမြောက်တပ်ကိုရွှေ့ပြီး ခံစစ်ပြင်နေတာ။ အမြောက်တပ်ရဲ့အရှေ့မှာက ရေနံ့သာ စစ်ဆေးရေးဂိတ်တခုပဲ ရှိတော့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ မြို့နယ်တချို့မှာ အရေးပေါ် ညမထွက်ရ အမိန့်ထုတ်ပြီး အဖမ်းအဆီးတွေ လုပ်နေသလို ခုခံကာကွယ်ဖို့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို လက်နက်တပ်ဆင်ပေးတာနဲ့ ဝတ်စုံထုတ်ပေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “မပြင်လို့ မရတော့ဘူးလေ၊ အားလုံးသိနေတာပဲ။ AA က အရှိန်မလျှော့ဘူး။ PDF နဲ့ စကစတပ်က ရခိုင်ရိုးမအစပ် လေးမျက်နှာဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်။ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့ကိုသွားတဲ့ ကားလမ်းပေါ်က စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ ဗေဒါစစ်ဆေးရေးဂိတ်နဲ့ ဒေါင့်ချောင်း၊ ဗောဓိ စတဲ့ စစ်ဆေးရေးဂိတ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ဒီရက်ပိုင်းမှာပဲ သိမ်းပိုက်ထားတယ်။ ရေနံ့သာဂိတ်နဲ့ ရေကြည်အမြောက်တပ် ကျော်ရင် ဧရာဝတီတိုင်းထဲ ဝင်လို့ရပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားဖို့အတွက် ရေကြည်မြို့နယ်အခြေစိုက် အမြောက်တပ်မှာ ဂျက်တိုက်လေယာဉ်တွေ ဆင်းသက်နိုင်တဲ့ လေယာဉ်ကွင်းတခု အရေးပေါ် တည်ဆောက်နေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ရင်း တည်ရှိတဲ့ ဒေသမှာလည်း အရပ်သား ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က ပြည်သူ့လုံခြုံရေးခေါင်းစဉ်နဲ့ စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းနဲ့ ကုန်းလမ်း၊ ရေလမ်း ထိစပ်နေတဲ့ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က မြို့နယ်အများစုကို သိမ်းယူထားပြီး အာရက္ခတပ်တော် မသိမ်းရသေးတဲ့မြို့ဟာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ ၃ မြို့သာ ကျန်တော့တယ်လို့ AA က ဒီဇင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။