Home
မြန်မာသတင်း
၃ နှစ်တိုင်တရားမျှတမှုပျောက်ကွယ်နေဆဲ မိုဆိုရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု
DVB
·
December 24, 2024

ကရင်နီ (ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနားမှာ ၂၀၂၁ ခုနှစ် ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်က ဒေသခံ အယောက် ၅၀ နီးပါးကို စစ်ကောင်စီတပ်တွေက အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဒီကနေ့ မှာတော့ ၃ နှစ်တိတိရှိခဲ့ပါပြီ။

အဲဒီဖြစ်ရပ်မှာ အသက် ၁၈ နှစ်အောက်ကလေးငယ် ၃ ယောက်အပါအဝင် ဒေသခံ ၄၅ ယောက်နဲ့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့က လေးယောက် စုစုပေါင်း ၄၉ ယောက် သေဆုံးခဲ့တယ်လို့  ကရင်နီတော်လှန်ရေးအင်အားစုတွေက အတည်ပြုထားပါတယ်။

ဒီဖြစ်ရပ်မှာ သေဆုံးခဲ့သူတွေရဲ့မိသားစုဝင်တွေကတော့ ဒီကနေ့ အထိ ဖြစ်ရပ်ဆိုးကို မမေ့နိုင်ကြသေးသလို တရားမျှတမှုရဖို့ကိုလည်း မျှော်လင့်နေကြဆဲပါ။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် ခရစ်စ္စမတ်မတိုင်ခင်တရက်မှာပဲ ဒေသခံ ဒေါ်ငယ်မက ဆယ်ကျော်သက်အရွယ်သားနဲ့သမီးကို တပြိုင်တည်းဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်ထဲကနေ စစ်ရှောင်ဖို့အတွက် အဒေါ်ဖြစ်သူကိုသွားပို့ခဲ့ပြီး မိခင်ဖြစ်သူကို ပြန်ခေါ်ဖို့ပြန်လာတဲ့ သူ့ရဲ့သားနဲ့ သမီးဟာ စစ်ကောင်စီတပ်တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတာပါ။

''ကျမကလေးတွေက ဘာအပြစ်မှမရှိဘူး။ အမေ့ကိုစစ်ရှောင်ဖို့ပြန်လာခေါ်ရင်း အရှင်လတ်လတ် မီးရှို့ခံခဲ့ရတာ။ တနေ့မှလည်းမေ့လို့မရဘူး။ ဒီနေ့သူတို့ဖြစ်ရပ်ဖြစ်တဲ့နေ့ဆိုတာသိကတည်းက ပြန်ငိုနေရပြီ။ ဘယ်အဖွဲ့ကဖြစ်ဖြစ် တရားမျှတမှုပြန်ယူပေးပါ”လို့ ဒေါ်ငယ်မက ငိုရင်း ပြောပြပါတယ်

သူ့သားသမီးတွေနဲ့ဖုန်းပြောပြီး ၂ နာရီလောက်အကြာမှာပဲ  ထပ်ရောက်လာတဲ့ သတင်းဆိုးနဲ့အတူ သူနေတဲ့နေရာနဲ့မနီးမဝေးကနေ တက်လာတဲ့မီးခိုးလုံးတွေကြားထဲမှာ ဖြစ်ရပ်ဆိုးတွေဖြစ်ခဲ့တာပါ။

''အဲဒီနေ့က အမေသားတို့ ဖရူဆိုမြို့နယ်ထဲရောက်နေပြီ စိတ်မပူနဲ့ဆိုပြီးဖုန်းဆက်လာတာ၊ သူတို့ ဖုန်းဆက်တဲ့အချိန်နဲ့ ဖြစ်တဲ့အချိန်သိပ်မကွာဘူး။  သူတို့ပြန်ရောက်တော့မယ်ဆိုလို့ မျှော်နေခဲ့တာ တခါမှ အိမ်ပြန်မရောက်လာတော့ဘူး'' လို့   ဒေါ်ငယ်မကပြောတယ်။

အဲဒီဖြစ်ရပ်မှာမိသားစုဝင်တွေကို ဆုံးရှုံးခဲ့သူတွေဟာ ဒီကနေ့ အထိ သူတို့မိသားစုဝင်တွေရဲ့ အလောင်းတွေကို ပြန်မမြင်ခဲ့ရသလို တကွဲတပြားထွက်ပြေးနေရတာကြောင့်  နာရေးနဲ့ ဘာသာရေးအခမ်းအနား မလုပ်နိုင်ကြသူတွေများပါတယ်။

အဲဒီထဲမှာ ဒေါ်ငယ်မလည်းပါဝင်ပါတယ်။ အခုဆိုရင် သူစာ သူ့ဇာတိမြေနဲ့ဝေးရာကို ရောက်နေပါပြီ။ ကျန်ရစ်ခဲ့တဲ့ သမီးတယောက်နဲ့အတူ လူသားချင်းစာနာမှုအစီအစဉ်နဲ့  ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ်ခိုလှုံဖို့ရောက်ရှိနေတာပါ။

ဒါပေမဲ့ ဆုံးပါးသွားတဲ့ သားနဲ့သမီးတွေကို တရက်မှမေ့မရသလို အခွင့်ရတဲ့တနေ့ သားနဲ့သမီးပုံရိပ်တွေကျန်ခဲ့တဲ့ဇာတိမြေကိုပြန်ပြီး ကောင်းမှုကုသိုလ်တွေလုပ်ဖို့ ဆန္ဒရှိနေပါတယ်။

မိုဆိုရွာမှာအခုလို အရပ်သားပြည်သူတွေ ရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ရှုတ်ချထားကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း  မိုဆိုရွာဖြစ်ရပ် အပါအဝင် စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်တွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီကလည်း မိုဆိုရွာမှာ အရပ်သားတွေအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဒီဖြစ်ရပ်အတွက် တရားမျှတမှုဖော်ဆောင်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်း တွေနဲ့ပူးပေါင်းကြိုးပမ်းနေတယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၂၄ မှာ ထုတ်ပြန်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013