ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) တပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒီဇင်ဘာလ တလ အတွင်းမှာ အရပ်သား ထိခိုက်၊ သေဆုံးသူ ၄၅ ယောက်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ဗုံးကြဲတာတွေနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
ဒီဇင်ဘာ ၁ ရက်ရက်မှာ ၃၀ ရက်အထိ တလအတွင်းမှာ အရပ်သား သေဆုံးသူ ၁၀ ယောက် ရှိပြီး ၃၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DVB ရဲ့ ကောက်ယူရရှိထားတဲ့စာရင်းတွေ အရ သိရပါတယ်။
လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးသွားသူတွေကတော့ ဂွမြို့နယ်မှာ ၄ ယောက်၊ တောင်ကုတ်မြို့နယ်မှာ ၃ ယောက်၊ သံတွဲမြို့နယ်မှာ ၁ ယောက်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေမှာ ၁ ယောက်စီ ဖြစ်ပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုနိုင်လင်းအောင်က “စိုးရိမ်မှုတွေကတော့ ရှိတာပေါ့လေ။ လက်ရှိမှာလည်း စစ်ကောင်စီက ဂွမြို့နယ်ကို လက်လွှတ် ဆုံးရှုံးလိုက်ရပြီဆိုတော့။ မြို့နယ်တွေ ဆုံးရှုံးလိုက်ရလို့ရှိရင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတယ်ပေါ့နော်။ ဒီစိုးရိမ်မှုတွေကြောင့် တချို့ဒေသခံတွေဆိုရင် ကိုယ့်နေရပ်ကို မပြန်နိုင်သေးတာတွေရှိတယ်။ လုံခြုံရေးပြဿနာတွေလည်း ရှိတယ်ဆိုတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ တခြား လက်နက်ကြီးတိုက်ခိုက်မှာကို စိုးရိမ်ပြီးတော့ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေလည်း အများကြီးရှိနေသေးတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒီဇင်ဘာလအတွင်းမှာ တောင်ကုတ် မြို့မဈေးကြီးက ဈေးဆိုင်ခန်း ၈၀ နီးပါး ပျက်စီးဆုံးရှံးခဲ့ရတဲ့အပြင် သံတွဲ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက လူနေအိမ်ပေါင်း ၆၀ ကျော် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးသွားတဲ့မြို့တွေကို နေ့တိုင်းလိုလို ဗုံးကြဲချနေတာတွေ ရှိနေသလို ခုရက်ပိုင်း ဗုံးကြဲချတာတွေအပြင် ဂျက်တိုက်လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ သံတွဲဒေသခံတွေက ပြောပါတယ်။
ဒီလုပ်ရပ်တွေဟာ စစ်တပ်က ရခိုင်မှာ စစ်ရှုံးနေတဲ့အတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောက်တရားလွှမ်းမိုးအောင် ရည်ရွည်ချက်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ရခိုင်က လူမှုရေးတက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။
လူမှုရေးတက်ကြွလှုပ်ရှားသူ တယောက်က “စစ်ကောင်စီက ရခိုင်မှာ စစ်ရှုံးနေတာကြောင့် ရှက်ရမ်း ရမ်းနေတာဖြစ်တယ်။ ဘယ်ဟာကို ပစ်မှတ်ထား တိုက်ခိုက်မယ်ဆိုတာ မရှိတော့ဘူး၊ ကြုံရင်ကြုံသလို တိုက်ခိုက်နေတာဖြစ်တယ်။ စစ်ကို စစ်ချင်းတိုက်လို့ မနိုင်တော့ဘူး။ ဒါကြောင့် ထောက်ခံတဲ့ ဒေသခံတွေကို တိုက်ခိုက်လို့ရှိရင် စစ်ပွဲက ရပ်ကောင်းရပ်နိုင်တယ် ဆိုပြီး လုပ်ဆောင်နေတာ ဖြစ်တယ်။ မင်းတို့ တိုက်ပွဲမရပ်ဘူးဆိုရင် မင်းတို့ဒေသခံပြည်သူတွေကို ဒီလိုမျိုး သတ်ဖြတ်မယ် အိုးအိမ်အဆောက်အအုံတွေကို ဒီလိုမျိုး ဖျက်ဆီးမယ်ဆိုပြီး ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၁၈ ယောက်အထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီအချက်အလက်တွေဟာ ဒေသတွင်းသတင်းဌာနတွေရဲ့ အချက်အလက်တွေကို မှီငြမ်းပြီး စာရင်းပြုစုထားတာကြောင့် မြေပြင်အခြေအနေမှာ ခုထက်ပိုပြီး များနိုင်ပါတယ်။
ကေခိုင်