Home
မြန်မာသတင်း
ဂွတိုက်ပွဲ၌ သေဆုံး၊ ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ပုသိမ်သို့ ပြန်သယ်နေ
DVB
·
December 31, 2024
Photo: JK

ဧရာဝတီတိုင်းနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဂွမြို့နယ်တိုက်ပွဲမှာ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီ တပ်သားတွေကို စစ်ကားတွေနဲ့ ပုသိမ်ဘက် ပြန်လည်သယ်ယူနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက သိရပါတယ်။

ဂွမြို့မှာ ဖြစ်ပွားတဲ့ စစ်ကောင်စီတပ်နဲ့ AA တိုက်တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီ တပ်သားရာချီရှိပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိတဲ့ စစ်သားတွေကို ဂွ-ရွှေသောင် ယံ-သာပေါင်းလမ်းက တဆင့်စစ်ကောင်စီက ကား ၁၇ စီးနဲ့ ပြန်သယ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ဂွမြို့တိုက်ပွဲမှာ ဒဏ်ရာရသေဆုံး တပ်သားတွေကအမှတ်  ၅၆၂  ခြေမြန်တပ်ရင်း၊ ခမရ-၅၆၂ တပ်ရင်း၊ အမှတ် ၅၆၃ ခြေမြန်တပ်ရင်း ခမရ-၅၆၃ က တပ်သားတွေ များတယ်။ ပြန်သယ်ယူနေတာ။ အထက်အမိန့်နဲ့ သယ်နေတာ” လို့ ပြောပါတယ်။

အဲ့ဒီပြန်သယ်လာတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်ရဲ့ ဒဏ်ရာပြင်းထန်တဲ့ တပ်သားတချို့ကို ပုသိမ်ဆေးရုံမှာ ဆေးကုသပေးနေပြီး တချို့ကို ရေကြည်ဘက်မှာ ထားတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “AAရဲ့ ဂွမြို့သိမ်းတိုက်ပွဲက ပြီးသွားပြီး ပစ်ခတ်သံတွေတော့ ဧရာဝတီတိုင်းအစပ်မှာ ကြားနေရတယ်။ ဘယ်ဘက်က ပစ်နေတာလည်း မသိဘူး။ စစ်သားတွေ မနည်းဘူး ကားနဲ့ ဂွဘက်ကနေ ပြန်လာတာ။ ခြေပြတ်၊ လက်ပြတ်တွေကော” လို့ ဒေသခံ တယောက်က ပြောပါတယ်။

သေဆုံး ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစုဆောင်းခံရတဲ့ လူငယ်တွေလည်း ပါတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဒုတိယအပတ်က ရခိုင်၊ အမ်းမြို့နယ် တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို စစ်ကောင်စီက ဂွ-ငါးသိုင်းချောင်းလမ်းကတဆင့် ရေကြည်နဲ့ ပုသိမ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ပုသိမ်မှာ ဆေးကုနေရတဲ့ စစ်ကောင်စီတပ်သားတွေကို ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒီဇင်ဘာ ၂၇ ရက်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013