Home
မြန်မာသတင်း
ရှားတော မယ်လယုတပ်စခန်းမှ စစ်ကောင်စီတပ်သား ၈၀ ကျော် ထွက်ပြေး
DVB
·
December 31, 2024
MaLaYuSAC

ကရင်နီပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်နားက ရှားတောမြို့နယ်၊ မယ်လယုတပ်စခန်းကနေ စစ်ကောင်စီတပ်သား ၈၀ ကျော်က စခန်းစွန့်ထွက်ပြေးခဲ့လို့ လက်နက်တွေ ကျန်ခဲ့တဲ့အတွက် ကရင်နီပြည်တပ်မတော် (KA) က လက်နက်များစွာ သိမ်းဆည်းရမိပါတယ်။

ဒီဇင်ဘာ ၂၈ ရက် မနက် ၅ နာရီကနေ ၇ နာရီကျော်အထိ စစ်ကောင်စီတပ်နဲ့  ကရင်နီပြည်တပ်မတော်  (KA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က မယ်လယုတပ်စခန်းကို စွန့်ခွာသွားခဲ့တာလို့  KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“လက်နက်ကြီးကျတယ်လေ၊ အဲ့မှာ တယောက်သေတယ်။ သူတို့ကို ဝင်ပစ်တယ်လေ၊ ခု သူတို့မရှိတော့ဘူး။  သူတို့ မြောက်ဘက် ဟိုမုန်းဘက်က ပြန်တာပေါ့။ တိုက်ပွဲက တခါပဲဖြစ်တယ်။ စစ်ကောင်စီစခန်းက ၅၄၁၆ တခုပဲကျန်မယ်။ တခြားဟာက မရှိတော့ဘူး။ ကားတွေနဲ့ ဆိုင်ကယ်တွေ ရတယ်။ ကျည်ဆန်က သူတို့သုံးတဲ့ ကျည်ဆန်ပဲ။”

စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့တဲ့ နာရီပိုင်းအတွင်း စစ်ကောင်စီတပ်က စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပြီး ၆၀ မမ ဗုံးသီး၊ ၈၁ မမ ဗုံးသီး၊ RPG၊ MA 1 ကျည်၊ တိုဘီတို၊ မိုင်းအမျိုးအစား အစုံအလင်၊ ကျည်အရေအတွက် ၁၀,၀၀၀ ကျော်နဲ့ ကား ၁၀ စီး၊ ဆိုင်ကယ် ၂ စီးတို့ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

မယ်လယု မဆုတ်တမ်းခံစစ်စခန်း ဌာနချုပ်က ခလရ ၁၃၄ ဖြစ်ကာ အမှတ် BP 9 ဒေသ ရှားတောမှာ တည်ရှိပြီး စစ်ကောင်စီတပ်က စခန်းစွန့်ခွာ ထွက်ပြေးသွားလို့ ခုလက်ရှိမှာ စခန်းကို KA က ဒီအတိုင်းပဲ ထားထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013