Home
မြန်မာသတင်း
ဝါးခယ်မတွင် စစ်တပ်က အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦးကို PDF ထောက်ပံ့ရေးအဖွဲ့ဆိုပြီး ဖမ်းဆီး
DVB
·
December 31, 2024
Photo: KKL

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက အမျိုးသမီးတွေအပါအဝင် ၄ ယောက်ကို PDF ထောက်ပံ့ရေးအဖွဲ့ကဆိုပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၆  ရက်ကနေ ၃၀ ရက်အထိ ၅ ရက်အတွင်း ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာက အမျိုးသား ၂ ယောက်နဲ့ ဆေးရုံရပ်ကွက်နဲ့ လယ်တည်ရပ်ကွက်က အမျိုးသားမီး ၂ ယောက်ကို စစ်ကောင်စီတပ်က PDF ရိက္ခာစုဆောင်းပေးတဲ့အဖွဲ့ကဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

“အဖမ်းခံရတာ ၄ ယောက်၊ စွပ်စွဲခံရတာပါ၊ သူတို့က PDF လည်း မဟုတ်သလို အဆက်အသွယ် လည်း မရှိပါဘူး။ ငွေညှစ်ချင်လို့ ဖမ်းတာပဲဖြစ်မှာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးခံထားရသူတွေကို စစ်ကောင်စီတပ်က ဝါးခယ်မမြို့နယ်ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

“PDF အဖွဲ့က ထောက်ပံ့ရေးပစ္စည်း စုဆောင်းသူဆိုပြီး ဖမ်းတာ၊ ကောင်လေး ၂ ယောက်က ဉာဏ်စိုး နဲ့ ဇင်မင်းဦးဆိုတဲ့သူတွေလို့ သိရတယ်။ အမျိုးသမီးတွေက မခိုင်ဇာလွင်၊ ဒေါ်မိုးမိုးလှိုင်တို့” လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ပြောပါတယ်။

အဲဒီ အဖမ်းခံရတဲ့ လူငယ် ၄ ယောက်က လယ်ယာလုပ်ငန်းနဲ့ စပါးအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူတွေဖြစ်ပြီး အသက် ၁၉ နှစ်နဲ့ ၃၅ နှစ်ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ နီးစပ်သူတွေ ဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ဒီဇင်ဘာလ ပထမ အပတ်ကစတင်ပြီး ဝါးခယ်မမြို့ပေါ်နဲ့ ကျေးရွာတွေအထိ ရဲနဲ့ စစ်ကောင်စီတပ်သားတွေ ပေါင်းကာ လုံခြုံရေးအတွက်ဆိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013