မကွေးတိုင်း၊ မြစ်ခြေမြို့ထဲကို ဒီဇင်ဘာ ၂၉ ရက် ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ပခုက္ကူလူထုတိုက်ပွဲကော်မတီ တာဝန်ခံ ကိုစိုးထွဋ်က “မြစ်ခြေက BBI တပ်နဲ့ ရဲစခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်က မြစ်ခြေမြို့ပေါ်က လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ အမှတ် ၁ မြို့မရပ်ကွက်ထဲကို လက်နက်ကြီးတလုံးကျပြီး ကလေးငယ် ၃ ယောက်နဲ့ ပြည်သူ ၃ ဦး ဆုံးသွားပါတယ်ပေါ့ဗျာ။ ကလေးငယ် ၂ ယောက်ကတော့ နေရာမှာတင် ဆုံးသွားပြီးတော့မှ လူကြီး ၃ ယောက် ထပ်ဆုံးတာပါ။ ဆုံးသွားသူတွေကို အဲဒီနေ့ညနေမှာပဲ သင်္ဂြိုဟ်လိုက်ကြပါတယ်။ ဒဏ်ရာရတဲ့သူတွေကလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထား ရှိနေပါတယ်။ သူတို့က အရင်ရက်တွေက ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေကြတာ။ အဲဒီနေ့က ဘုန်းကြီးကျောင်းမသွားကြဘဲ အိမ်တအိမ်ထဲမှာ စုနေကြရင်းနဲ့ သူတို့နေတဲ့အိမ်တံခါးကိုမှ လက်နက်ကြီးကျည်က တည်တည့်မှန်တာပါ” လို့ DVB ကို ပြောပါတယ်။
လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြသူတွေဟာ မြစ်ခြေမြို့ အမှတ် ၁ မြို့မရပ်ကွက်က အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်တယောက်၊ အသက် ၉ နှစ်အရွယ် ကလေးတယောက်၊ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တယောက်၊ အသက် ၆၅ အရွယ် အမျိုးသား တယောက်နဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတယောက်တို့ ဖြစ်ကြ ပါတယ်။
ABSDF Column 3 ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က “စစ်ကြောင်းမှာတော့ တပ်မ ၁၀၁ စစ်သားတွေနဲ့ ပျူအင်အား ၁၇၀ ဝန်းကျင်လောက် ပါမယ်ဗျ။ သူတို့စစ်ကြောင်းက ပခုက္ကူကနေ ထွက်လာပြီးတော့ အောင်သာရွာရောက်တယ်။ အဲဒီ အောင်သာရွာကနေမှ ညောင်ဂျစ်ပင်ကိုဝင်ပြီး ကမ္မမြို့ပေါ်ကို ရောက်လာကြပြီး အဲဒီကနေ မြစ်ခြေဘက်ကို လှည့်မွှေနေတာ” လို့ DVB ကို ပြောပါတယ်။
မြစ်ခြေနယ်ထဲက ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူ လုယက်သွားကြတဲ့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၂၉ ရက်မှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြသေးပါတယ်။
မြိုင် ပကဖရဲ့ တာဝန်ခံ ဗိုလ်လက်ယာက “မြစ်ခြေ-ကမ္မလမ်းပိုင်းက နေရာတခုမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ကြတယ်။ သူတို့ ၁၀ ဦးထက်မနည်း သေပြီးတော့ ၂၀ လောက် ဒဏ်ရာရသွားတယ်လို့ သိရတယ်ဗျ။ အဲဒီတိုက်ပွဲထဲမှာ ကျနော်တို့ဘက်က ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းမှာ မြစ်ခြေမြို့နယ်ထဲက စဘေကျေးရွာနဲ့ ချိုင်ကျေးရွာတွေကို ဝင်ရောက်စီးနင်းနေပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြ ပါတယ်။
စစ်ကောင်စီစစ်ကြောင်း ဝင်လာတဲ့အတွက် ကမ္မ-မြစ်ခြေ လမ်းတလျှောက်က ကျေးရွာတွေဖြစ်တဲ့ ကံပေါက်စု၊ ဗျင်းရွာ၊ ရေကြည်၊ မြေနီတွင်း၊ မုန့်ကုန်၊ ပန်းချီစု၊ သန်ဇင့်၊ ရွာသာအေး၊ ဆွဲကြီး၊ အိုးဘို၊ တိုးချဲ့ ၁၂၃၊ ကြက်လျှာ၊ သရက်တော၊ ရေချို၊ အိုင်ရှည်ကျေးရွာတွေက ဒေသခံပြည်သူတွေ အပါအဝင် အောင်သာရွာ ပျူစောထီးစခန်းအနီးက ရွာတွေဖြစ်ကြတဲ့ ရှားတော၊ အင်းဝိုင်း၊ ထန်းတောချောက် စတဲ့ကျေးရွာတွေက ဒေသခံ သောင်းချီပြီး ထွက်ပြေးတိမ်းရှောင်နေ ပါတယ်။