စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မီးခွက်ဈေးမှာ ဒီဇင်ဘာ ၃၁ ရက် ဒီနေ့မနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီပူးပေါင်းအဖွဲ့က ဈေးသည်တွေဆီကနေ အသားငါးတွေကို ခြိမ်းခြောက် ယူဆောင်သွားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ရဲတပ်သားအင်အား ၃၀ ခန့်ဟာ ကလေးမြို့မရဲစခန်းကနေ မီးခွက်ဈေးကို လာရောက်ပြီး ဈေးသည်တွေကို အသား ငါး လိုင်စင်မရှိဘဲ ရောင်းတယ်ဆိုပြီး ရောင်းချနေတဲ့ အသား ငါးတွေ အားလုံးကို ယူသွားခဲ့တာလို့ ဆိုပါတယ်။
ကလေးမြို့ မီးခွက်ဈေးက ဈေးသည်တယောက်က “သူတို့က ရုတ်တရက် လာတော့ ဈေးသည်တွေ ဈေးရောင်းနေတဲ့ ပလက်ဖောင်းပေါ်ကနေ အကုန်ပြေးကုန်ကြတာ။ ရုတ်ရုတ်သဲသဲပဲ။ ဈေးအစွန် အရှေ့ဆုံးမှာ အသား ငါးသည်တွေ ရှိတာလေ။ စစ်ကားက တစီးတည်းလာတာ။ ရဲတွေ၊ စစ်သားတွေက ခြေကျင်လာပြီး အသားစိမ်းသည်တွေဆီက အသားတွေကို ကြွပ်ကြွပ်အိတ်တွေ၊ စူပါအိတ်တွေနဲ့ ထည့်ပြီး အကုန်ယူသွားတာ။ ဓားက အစ မကျန်ဘူး၊ အကုန်သယ်သွားတာ။ သူတို့ ပြောသံ ကြားတာတော့ လိုင်စင်မရှိဘဲ ရောင်းလို့ဆိုပြီး ပြောတာတဲ့။ လူတွေတော့ ဖမ်းမသွားဘူး။ အသားရောင်းတဲ့ ဈေးသည် ၁၀ ဦးမကဘူးလေ။ အမဲသား၊ ဝက်သား၊ ငါး အများကြီးယူသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက ဈေးသည်တွေဆီက အသားငါးတွေ ယူဆောင်သွားတဲ့အတွက် တခြားဈေးသည်တွေအနေနဲ့လည်း မိမိတို့ ရောင်းချတဲ့ ဈေးပစ္စည်းတွေ ယူဆောင်ခံရမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရွှေဘုံသာဘုရားအနီးမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က မီးခွက်ဈေးကို ဈေးလာရောင်းတဲ့ ငါးသည်နဲ့ ခရမ်းချဉ်သီးသည်တွေဆီက ငါးတွေနဲ့ ခရမ်းချဉ်သီးတွေကို ယူဆောင်ထားလိုက်ပြီး ဈေးသည်တွေမှာပါလာတဲ့ ပိုက်ဆံတွေ တောင်းထားလိုက်တယ်လို့ သိရပါတယ်။
မီးခွက်ဈေး ခေါ် မိုးမလင်းဈေးကို ကလေးမြို့လယ်လမ်းဆုံ၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ရောင်းချကြတာဖြစ်ပြီး ဈေးသည်တွေက ညသန်းခေါင်ယံအချိန် မနက် ၂ နာရီမှ မနက် ၆ နာရီထိ ရောင်းချကြတာ ဖြစ်ပါတယ်။