ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ခြမ်း ပီးကင်းဈေးအနီးက လူနေရပ်ကွက်ထဲကို ဒီဇင်ဘာ ၂၇ ရက် ညနေ ၃ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတလုံးနဲ့ ပေါင် ၁၂၀ ဗုံး တလုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေနေတဲ့ ပီကင်းဈေးအနီးနားကို ဗုံးကြဲခဲ့လို့ နေအိမ် ၅ လုံး ထက်မနည်း ပျက်စီးသွားပြီး ပြည်သူ ၃ ယောက်မှာ ၁ ယောက်က လက်ဖြတ်တောက်လိုက်ရတယ်လို့ သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “လူထိတာက ဆိုင်ကယ်မောင်းနေတဲ့သူ ၂ ယောက် ထိတာ။ တယောက်က လက်ကို ထိတယ်။ လက်ထိတဲ့သူက လက်ဖြတ်လိုက်ရတယ်။ အိမ်တွေဆိုလည်း စုတ်ပြတ်သတ်ကုန်တာပဲ။ ဘာမှကို ရစရာမကျန်တော့ဘူး။ တယောက်ဆိုလည်း သူ့အိမ်ကို ကြည့်ပြီး ငိုနေတာ” လို့ ပြောပါတယ်။
ပီကင်းဈေးအနီးနားမှာ မိုးဗြဲနဲ့ ဖယ်ခုံဘက်က စစ်ဘေးရှောင်ပြည်သူတွေ အများစုနေထိုင်ပြီး တိုက်ပွဲမဖြစ်တဲ့နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲသွားတာဖြစ်တယ်လို့လည်း ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နေ့ဘက်တွေမှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လာနေပြီး လေယာဉ်လာတာနဲ့ ချက်ချင်းကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။
ပီကင်းဈေးဟာ ဒေသအတွင်းက ပြည်သူတွေ အဓိကအသုံးပြုနေတဲ့ ဈေးတခုဖြစ်ပြီး နေ့စဉ်ဈေးရောင်းဈေးဝယ်သူတွေနဲ့ စည်ကားနေတာပါ။ အများပြည်သူအသုံပြုနေတဲ့ ဈေးအနီးကို စစ်ကောင်စီတပ်က ဖျက်အား ပြင်းဗုံးနဲ့ ကြဲချတာဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလပထမအပတ်ထဲမှာလည်း ဖယ်ခုံမြို့နယ်ထဲက ဆိုင်ခွန်ကျေးရွာအနီးနားကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး အလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအမျိုးသားတယောက် သေဆုံးခဲ့ရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ ဒရုန်းလက်ချက်ကြောင့် ဒီဇင်ဘာ တလအတွင်းမှာ နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ပါတယ်။