မကွေးတိုင်း၊ ကမ္မမြို့ပေါ်ကို ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် သောင်းချီတဲ့ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ကမ္မမြို့ခံတယောက်က “မနက် ၇ နာရီလောက်မှာ မြို့ထဲကို စစ်သားတွေ ဝင်လာပြီးတော့ ရဲစခန်းနားမှာ တပ်စွဲတယ်။ တွေ့ရာလူတွေကို ဖမ်းတယ်။ ဖုန်းတွေသိမ်းတယ်။ အဖမ်းခံရသူတွေမှာ ဝတ်ထားတဲ့ ရွှေတွေဖြုတ်ယူတယ်။ တချို့လူတွေလည်း ပြန်လွတ်လာကြတယ်ဗျ။ မြို့ပေါ်ကို သူတို့ရောက်လာကြတာ ၁ ရက်အတွင်း ဖမ်းထားတဲ့သူ ၅၀ ကျော်လောက်ရှိမယ်။ ကျနော်တို့ မြို့ပေါ်မှာက ရပ်ကွက် ၁၂ ခုရှိတယ်။ လူတော်တော်များများကတော့ ပြေးကုန်ကြပြီ” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က စစ်ကောင်စီ လက်အောက်ခံတွေဖြစ်ကြပြီး စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့ ရွာသာအေး၊ သရက်ကန်၊ ချောင်းဆုံ၊ ပြည့်အိုင်နဲ့ အင်ကျင်းပင်ကျေးရွာတွေ အပါအဝင် ကမ္မမြို့ပေါ်က ပြည်သူတွေ သောင်းနဲ့ချီပြီး ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ABSDF Column 3 ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က “အဲဒီစစ်ကြောင်းက ရေလာလေးပျူစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပြီး နောက်ရက်ကတည်းက ထွက်လာတာ။ အခုစစ်ကြောင်းမှာတော့ တပ်မ ၁၀၁ စစ်သားတွေနဲ့ ပျူအင်အား ၁၇၀ ဝန်းကျင်လောက် ပါတယ်ဗျ။ သူတို့စစ်ကြောင်းက ပခုက္ကူကနေ ထွက်လာပြီးတော့ အောင်သာရွာ ရောက်တယ်။ အဲဒီ အောင်သာရွာကနေမှ ညောင်ဂျစ်ပင်ကိုဝင်ပြီး ကမ္မမြို့ပေါ်ကို ရောက်လာကြပြီး လှည့်ပတ်မွှေနေတာ။ ရေလာလေးကို အသိမ်းခံရလို့ နယ်မြေရှင်းလင်းရေး ဝင်တာလည်း ဖြစ်နိုင်သလို သူတို့ရဲ့ စစ်ရေးအခြေအနေက ဘယ်လိုရှိနေသလဲတော့ မသိဘူးပေါ့” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်က ကမ္မမြို့နယ်ထဲက ရေလာလေးပျူစောထီးစခန်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာတော့ ကမ္မမြို့ပေါ်ကို ရောက်ရှိနေကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ ကမ္မမြို့မစျေးမှာရှိတဲ့ စျေးဆိုင်တွေကနေ ကုန်ပစ္စည်းတွေကို ဖောက်ယူသယ်ဆောင်နေကြပြီး သေနတ်တွေလည်း ပစ်ဖောက်နေကြတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။