စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်က စစ်ရှောင်ပြည်သူတွေကို ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး မြို့ထဲကို ပြန်လာနေကြဖို့နဲ့ ပြန်မလာတဲ့ နေအိမ်တွေကို ချိတ်ပိတ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်နေတယ်လို့ ကနီဒေသခံတွေက ပြောပါတယ်။
မတ်လတုန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကနီမြို့ပေါ်မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။
ဒီမြို့သိမ်းတိုက်ပွဲ ပြီးကတည်းက ကနီမြို့ပေါ်က လူဦးရေ ၉၀ ရာခိုင်နှုန်းဟာ စစ်ဘေးရှောင်ခဲ့ရပြီး မြို့ထဲမှာ ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီက စစ်ရှောင်ပြည်သူတွေကို ဒီဇင်ဘာလကုန် နောက်ဆုံးထား ပြန်လာကြဖို့နဲ့ ပြန်မလာရင် နေအိမ်တွေကို ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်နေပေမဲ့လည်း ကနီမြို့ ဒေသခံတယောက်ကတော့ “အန်တီတို့ကတော့ ပြန်ဖို့ အစီအစဉ် မရှိပါဘူး။ ပြန်လည်း မပြန်ရဲဘူးလေ။ မြို့မသိမ်းခင် အထိကတော့ စားဝတ်နေရေးအရရော မြို့ကထွက်ဖို့ အဆင်မပြေတာရောကြောင့် ကြိတ်မှိတ်ပြီး ကြောက်ကြောက်လန့်လန့် နေခဲ့ရတာ။ အခုတော့ မြို့သိမ်းတိုက်ပွဲနေ့က စထွက်ခဲ့ရတာ နီးစပ်ရာ အသိုင်းအဝိုင်းတွေဆီ ခိုလှုံနေထိုင်နေပါတယ်။ မြို့ထဲတော့ စစ်တပ်မရှိမှဘဲ ပြန်ဝင်တော့မယ်။ ဘာလို့လဲဆို အဓိကကတော့ မပြန်ရဲတာ ကြောက်တာပေါ့။ စစ်တပ်ရှိတဲ့ ဘယ်နေရာမဆို မနေရဲတာပဲ။ သူတို့ရှိရင် အန်တီတို့က မလုံခြုံဘူးလေ။ ဒါကြောင့် မြို့သိမ်းနိုင်မှ စစ်တပ်မရှိမှဘဲ ပြန်ရတော့မှာပဲ” လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီက ခြိမ်းခြောက်နေတာဟာ မကြာခင်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကြောင့်လို့ ကနီမြို့နယ် သပိတ်ဦးဆောင်ကော်မတီမှ မနွေဦးစံက သုံးသပ်ပြောဆိုခဲ့ပါတယ်။
“ဒီလိုမျိုး အကျပ်ကိုင်တယ်ဆိုတာက ဒါ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲပေါ့နော်၊ ဒါတွေကို ပြည်သူတွေကလည်း စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ သူတို့က မဖြစ် ဖြစ်တဲ့နည်းနဲ့ ရွေးကောက်ပွဲတွေ လုပ်ဖို့ရာ အကြံဉာဏ်တွေ ရှိနေတဲ့အတွက် လူတွေစုတယ်၊ ခေါ်တယ်လို့တော့ ဒီလိုမျိုးတော့ မြင်တယ်ပေါ့။ ဒါပေမဲ့ သူတို့ ရွေးကောက်ပွဲက ဘယ်လိုနေနေ ကျမတို့ ပြည်သူတွေ အသိအမှတ်ပြုတာ မဟုတ်ဘူး။ စိတ်လည်း ဝင်စားကြတာ မဟုတ်ဘူး။ သူတို့ရဲ့ ယုတ်မာမှုကို သိနေကြတာဖြစ်တဲ့အတွက် သူတို့နဲ့ လွတ်ကင်းရာကို လွတ်မြောက်ရာကို ရောက်နေတဲ့ ပြည်သူတွေအနေနဲ့ ကနီမြို့ပေါ်ကို ပြန်ဝင်ဖို့ မရှိဘူးပေါ့။”
ကနီမြို့ စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ရင်း နေထိုင်နေရတဲ့ မြို့ရွာတွေမှာ စားဝတ်နေရေးအတွက် ဈေးရောင်းရင်း ဖြေရှင်းနေကြရပေမဲ့ တနေ့စာတနေ့ စားဖို့ပဲ ပြေလည်ကြတာဖြစ်ပြီး အခုလို ဆောင်းရာသီမှာ လိုအပ်တဲ့ စောင် စတဲ့ အသုံးအဆောင်တွေ ဝယ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၆ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကနီမြို့နယ်က ကျောက်လှေခါးကျေးရွာနဲ့ နတ်ကြီးရွာတို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၅ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
မြတ်သဇင်