ဧရာဝတီတိုင်းဒေသကြီးကို ရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာတွေ မလုပ်ဖို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဒီဇင်ဘာ ၂၅ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်ဘက်က စစ်ရှောင်လာသူတွေဟာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ခွေးတောက်ကွက်သစ်အုပ်စု၊ ကုန်းပြင်အနီးဝန်းကျင်နဲ့ ကျေးရွာတွေအတွင်းမှာ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။
အဲဒီစစ်ရှောင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီနဲ့ တိုင်းဒေသအတွင်း တာဝန်ရှိသူတွေက ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုနဲ့ နှင်ထုတ်မှုတွေ ရှိနေတယ်လို့ စစ်ရှောင်တွေက ပြောဆိုထားကြပါတယ်။
ဒါကြောင့် ဧရာဝတီတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ စစ်ရှောင်ပြည်သူတွေအပေါ် လူသားချင်းစာနာထောက်ထားကြဖို့ စစ်ရှောင်ကူညီသူတွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြတာပါ။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငါးသိုင်းချောင်းမြို့မှာ ခံစစ်ပြင်ဆင်ထားပြီး ဒီဇင်ဘာ ၂၃ ရက်ကလည်း အမြောက်တွေနဲ့ ရိုးမထဲ ပစ်ခတ်ခဲ့ပါတယ်။