Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း စစ်ရှောင်ကလေးငယ် ၁,၂၀၀ ကျော် ပညာသင်ကြားရန် အခက်အခဲရှိနေ
DVB
·
December 25, 2024
Photo: လင်းရောင်ခြည်ဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင် ကလေးငယ် ၁,၂၀၀ ကျော် ပညာသင်ကြားနိုင်ရေး အခက်အခဲရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်း စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးကို လင်းရောင်ခြည် ဖောင်ဒေးရှင်းက ဦးဆောင်ပြီး ကူညီပေးနေတာဖြစ်ပြီး လက်ရှိမှာ ထောက်ပံ့ငွေကြေး မလုံလောက်တော့တာကြောင့် ပညာသင်ကြားရေး ရပ်ဆိုင်းရတော့မယ့် အနေအထားနဲ့ ကြုံနေရတယ်လို့ လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“လက်ရှိ ပညာသင်ကြားနေတဲ့ စစ်ဘေးရှောင်ကလေးက ၁,၂၀၀ ကျော်ရှိတယ်။ သူတို့ကို မိုးရာသီ အစလောက်ကနေ စာသင်ကြားရေး ပစ္စည်းကိရိယာတွေကအစ ကျနော်တို့ ထောက်ပံ့ပြီး ပညာသင်ကြားရေး စလာခဲ့တာပေါ့နော်။ အခုအခက်အခဲက ထောက်ပံ့ငွေကြေးတွေ မတတ်နိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်လာတော့ ဒီပညာသင်ကြားရေးအစီစဥ်ဟာ ရပ်လိုက်ရတော့မလို အနေအထားနဲ့ ကြုံနေရတာပေါ့နော်။”

လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်မှာ ပညာသင်ကြားရေး အခက်ကြုံနေတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေဟာ grade အသီးသီးအလိုက် ၁,၂၇၉ ယောက်နဲ့ စာသင်ကြားရေးအတွက် ခန့်ထားတဲ့ ဆရာ/ဆရာမ ၁၅၂ ယောက်ကို ကျောင်း ၇ ကျောင်းခွဲပြီး စစ်ဘေးရှောင်ကလေးတွေကို စာသင်ကြားရေး ထောက်ပံ့ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကြောင့် ရပ်တန့်လိုက်ရရင် စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးပိုင်း ထိခိုက်မှာကို စိုးရိမ်နေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်ကျောင်းသားမိဘတယောက်က ဆိုပါတယ်။

“ဆရာတွေကတော့ ဒီလကုန်လောက်ဆို ကျောင်းသားတွေ စာဆက်သင်နိုင်ဖို့ အခက်အခဲ ရှိကြတယ်လို့ ပြောကြတယ်။ ကိုယ့်သားသမီး အပါအဝင် ကလေးတွေအားလုံး စာမသင်ရဘဲ ဖြစ်တော့မှာကို စိုးရိမ်တယ်။ ဒါကြောင့် အခက်ခဲမရှိဘဲ ဆက်သင်ကြားနိုင်ဖို့ မျှော်လင့်နေရပါတယ်။”

ရခိုင်မှာ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေအတွင်း ပညာသင်ကြားတဲ့အရွယ် ကလေးငယ်တွေဟာ အာရက္ခတပ်တော် အစီအစဉ်နဲ့ ပညာသင်ကြားမှု ရှိနေကြပြီး ဒီအထဲမှာ မြို့နယ်အလိုက် ရှိနေတဲ့ စစ်ဘေးရှောင်ကလေး အများစုဟာ စာသင်ကြားစရိတ် မတတ်နိုင်တာကြောင့် ပညာသင်ကြားမှု ဆုံးရှုံးနေရသူတွေ အများအပြား ရှိနေကြတာကို တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013