Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်များ အခက်အခဲကြားက ခရစ္စမတ်ပွဲ ကျင်းပ
DVB
·
December 25, 2024

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက စစ်ရှောင်စခန်းအလိုက် ခရစ္စမတ်ပွဲကို အခက်အခဲတွေကြားက တနိုင်တပိုင် ကျင်းပနေကြတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ပြည်သူအများစု စစ်ဘေးရှောင်နေကြပြီး စစ်‌ဘေးရှောင်ကာလ ၃ နှစ်ကျော်အထိ ရှိနေပေမဲ့ ကိုးကွယ်ယုံကြည် ဘာသာတရားအရ ခရစ္စမတ်ပွဲကို စစ်ဘေးရှောင်တွေနဲ့ စစ်ရှောင်ကူညီသူတွေ ပူးပေါင်းပြုလုပ်ပေးဖြစ်တယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူတယောက်က ပြောပါတယ်။

“ဘုရားသခင်မွေးဖွားရာ ခရစ္စမတ်ကာလမှာ အရင်ကဆို တော်တော်လေးကို ပျော်ရွှင်ခဲ့ရတယ်။ နောက်ပိုင်းခါကျတော့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးတွေကို စိုးရိမ်ရတာဖြစ်လို့ ခရစ္စမတ်ကို အနည်းအကျဉ်းပဲ ကျင်းပဖြစ်တယ်။ အခြေအနေတွေကိုလည်း အမြဲတမ်း စောင့်ကြည့်နေရတာဖြစ်တဲ့အတွက် စိတ်လွတ်ကိုယ်လွတ် ပျော်လို့မရတဲ့ အနေအထားပေါ့နော်။ ဒီ ခရစ္စမတ်ကာလလေးမှာ တနှစ်လုံး ပင်ပန်းရတာတွေကို ပြေပျောက်ဖို့အတွက် အားကစားပြိုင်ပွဲလေးတွေ ကျင်းပဖြစ်ပါတယ်ဗျ။”

ခရစ္စမတ်မတိုင်ခင်ရက်တွေမှာ စစ်ရှောင်စခန်းက လူငယ်တွေစုပြီး Carol Singing ထွက်ဆိုတာ၊ စစ်ရှောင်ပြည်သူအလိုက် ငွေကြေးအနည်းငယ်ကောက်ခံပြီး မုန့်လုပ်စားတာ၊ ဘုရားရှိခိုးပူဇော်တာတွေနဲ့ ကလေးတွေအတွက် ဂိမ်းနဲ့ အားကစား ပြုလုပ်တာတွေ ရှိပါတယ်။

စစ်ကောင်စီတပ်က လူစုလူဝေးများတဲ့ နေရာတွေကို ကင်းထောက်လေယာဉ်နဲ့ စောင့်ကြည့်တာတွေရှိနေပြီး လေကြောင်းကနေ ဗုံးကြဲနိုင်တဲ့အတွက် အခါကြီးရက်ကြီးတွေမှာ ပိုသတိထားရတာတွေ ရှိနေပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေက စစ်ရှောင်ကာလ ကြာမြင့်နေပြီး စီးပွားရေး လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေ ရှိနေတာကြောင့် နီးစပ်ရာစုဝေးပြီး ပွဲကို အကျဉ်းချုံး ပြုလုပ်ကြတာ များတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

“ခရစ္စမတ်က အရင်တုန်းကဆိုရင် အိမ်တွေမှာ ပွဲတွေလုပ်ပြီး ပျော်ပျော်ပါးပါး စားကြသောက်ကြ ဖြတ်သန်းရတယ်။ အာဏာသိမ်းပြီးချိန်ကျတော့ ကိုယ့်အိမ်လည်း ကိုယ်မနေရတော့ဘူးလေ။ စစ်ဘေးရှောင်နေကြရတော့ ခရစ္စမတ်ဆိုတာပဲ ကြားရတော့တယ်။ ခုက စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေရတော့ ပျော်ပွဲရွှင်ပွဲအတွက်တော့ မစဉ်းစားမိဘူးပေါ့။ ကိုယ့်အိမ်ကိုယ့်မြို့မှာ ပျော်ရတဲ့ အပျော်မျိုးတော့ မရနိုင်တော့ဘူးပေါ့နော်။ ဒါပေမဲ့ အဲလိုအပျော်လေးတွေ နည်းနည်းပါးပါးတွေ့ရတော့ ကိုယ်လည်း ပျော်ချင်တာပေါ့နော်။”

ကရင်နီပြည်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲကျော်အထိ ရှိနေပြီး စစ်ရှောင်ကာလ ကြာမြင့်လာတာကြောင့် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအတွက် လိုအပ်ချက်တွေ ရှိတဲ့အပြင် စိတ်ပိုင်းဆိုင်ရာအနေနဲ့ လေယာဉ်သံကြားရင် ကြောက်လန့်နေရတာတွေ၊ လက်နက်ကြီးဒဏ် ခံနေရတာတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013