ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီ ရေကြောင်းကနေတဆင့် အင်အားဖြည့်တင်းနေသလို မြို့တွင်းနဲ့ စစ်ကောင်စီတပ်ရင်းတွေမှာလည်း ခံစစ်အခိုင်အမာ ပြင်ဆင်နေတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကျောက်ဖြူအခြေစိုက် တပ်ရင်းတွေဖြစ်ကြတဲ့ ခမရ ၅၄၂ တပ်ရင်းနဲ့ ခမရ ၅၄၃ တပ်ရင်းတွေကို နပခဌာနချုပ်ကျပြီး နောက်ပိုင်းမှာ ရေကြောင်းကတဆင့် အင်အားရာနဲ့ချီ ပို့ဆောင်ထားပြီးတော့ မြို့တွင်းမှာလည်း ဘန်ကာတွေ၊ ကတုတ်ကျင်းတွေ တူးနေကြသလို စစ်ဆေးရေးဂိတ်တွေမှာလည်း အင်အားတိုးချထားပြီး အစစ်အဆေးတွေ ကျပ်တည်းလာတယ်လို့ ကျောက်ဖြူဒေသခံ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီက မောင်တောနဲ့ အမ်း ပြတ်ကတည်းက ကျောက်ဖြူမှာ အင်အားတွေ အလုံးအရင်း ပို့ဆောင်နေပြီးတော့ ခံစစ်ပြင်နေတာတွေရှိတယ်။ မြို့တွင်းမှာ လမ်းခွဆုံတွေ၊ သူတို့ဂိတ်ချတဲ့ နေရာတွေမှာ သဲအိတ်တွေနဲ့ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေ လုပ်နေကြတာရှိတယ်။ အဓိကတော့ ရခိုင်မှာက မြို့တွေလည်း မကျန်တော့ဘူးဆိုတော့ သူတို့လည်း ကြောက်ပြီး ခံစစ်ပြင်နေကြတာ ဖြစ်တယ်။”
ဒါ့အပြင် ကျောက်ဖြူမြို့တွင်းမှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ်စစ်တာတွေ၊ ဧည့်စာရင်း စစ်ဆေးတာတွေ၊ ညအချိန် စစ်အင်အားအလုံးအရင်းနဲ့ ကင်းလှည့်တာတွေ ရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ခမရ ၅၄၂၊ ခမရ ၅၄၃ တို့အပြင် ဓညဝတီရေတပ်ဌာနချုပ်တို့ အခြေစိုက်ထားတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင် ၃ မြို့လောက်ပဲ ကျန်ရှိတော့တာဖြစ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျပြီးနောက် အဲဒီမြို့တွေမှာ စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့မှုတွေ ရှိနေတာဖြစ်ပါတယ်။
မြို့တော်စစ်တွေ အနီးမှာလည်း ဒီဇင်ဘာ ၂၁ ရက်ကစပြီး နှစ်ဖက် အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရခိုင်တိုက်ပွဲ ၁ နှစ်ကျော်အတွင်း အာရက္ခတပ်တော်က တိုင်းစစ်ဌာနချုပ် အပါအဝင် မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။