ကျေးရွာဥက္ကဋ္ဌ ဖမ်းဆီးခံရမှုနဲ့ဆက်စပ်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နှောညောင်ပင်ရွာက ဒေသခံ ၆ ယောက် ပြန်လွတ်လာခဲ့ပြီလို့ အဲဒီရွာနဲ့ နီးစပ်သူတွေက ဒီဇင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
နှောညောင်ပင်ရွာက ဒေသခံ ဦးမျိုးဝင်း၊ ဦးတင်မိုးဆွေ၊ မဝင်းနု၊ မယု၊ မသိန်းသိန်းဌေးနဲ့ မဇင်မာဖြူတို့ ၆ ယောက်ဟာ ကလေးဒေသကွပ်ကဲမှုစစ်ဌာနချုပ်က စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ စစ်ဆေးခံရပြီး ဒီဇင်ဘာ ၂၃ ရက်က ပြန်လွတ်လာခဲ့ကြတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ၆ ယောက်လုံး ပြန်လွတ်လာတာ ဟုတ်မှန်ကြောင်း ကံပုလဲရွာက ဒေသခံတယောက်က အတည်ပြု ပြောပါတယ်။
သူတို့တွေဟာ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက် ညက ကျေးရွာဥက္ကဋ္ဌ ဖမ်းဆီးခံရမှုနဲ့ဆက်စပ်ပြီး စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ နှောညောင်ပင်ရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ရီတို့ သားအဖ ၂ ယောက်ဟာ တောထဲကို နွားကျောင်းသွားရင်း ဒေသကာကွယ်ရေးတပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။
နှောညောင်ပင်ကျေးရွာဟာ ကလေးမြို့အနီးမှာ တည်ရှိပြီး ကျေးရွာအတွင်းမှာ စစ်ကောင်စီက တပ်စွဲနေထိုင်သလို ရွာသားတချို့ကို စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ စစ်ကောင်စီက အရပ်သား ၂၈,၀၁၁ ယောက်ကို ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။