Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့ပေါ်ကို အဝင်အထွက်မလုပ်ရန် CDF သတိပေး
DVB
·
December 25, 2024
Photo : CDF မင်းတပ်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ မြို့ပေါ်ကို ဝင်ထွက်သွားလာတာတွေ မပြုကြဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် (CDF မင်းတပ်) က ဒီဇင်ဘာ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Chin National Defense Force (CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “တိုက်ပွဲတွေကတော့ ငြိမ်သက်သွားပါပြီ။ ဒါပေမဲ့ စစ်တပ်လေ​ယာဥ်တွေနဲ့ မင်းတပ်နဲ့ ကန်ပက်လက်ကြားကို ဗုံးတွေ တောက်လျှောက်ကြဲနေပါတယ်။ သူတို့တပ်တွေ ပြန်ဆုတ်သွားတဲ့အတွက် ဗုံးကြဲနေတာ ဖြစ်ဖို့များတယ်” လို့ DVB ကို ပြောပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေ ရှိနေတဲ့အပြင် မြို့သိမ်းတိုက်ပွဲအတွင်း လက်ကျန်မြေမြှုပ်မိုင်းတွေကို ရှင်းလင်းရေးတွေ ဆောင်ရွက်နေရလို့ အခုလို ထုတ်ပြန်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ချင်းညီနောင်တပ်ဖွဲ့ဝင် မင်းတပ် ပအဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “မင်းတပ် အပါအဝင် ချင်းတောင်ပိုင်းမှာ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့မြို့တွေက စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ဖို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသလို ချင်းပြည်အစိုးရ Chinlanland Council နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ မင်းတပ်မြို့ပေါ်ကို ပြန်လည်ဝင်ရောက် နေထိုင်နိုင်မယ့်အချိန်ကို ထပ်မံထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် နိုဝင်ဘာ ၉ ရက်ကနေ စတင်ဖော်ဆောင်နေတဲ့ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ဟန်ချက်ညီညီ တိုက်ခိုက်ခဲ့ကြပြီး အာရက္ခတပ်တော် (AA) ကလည်း လက်နက်၊ ခဲယမ်း၊ စစ်ကူတွေအပြင် စစ်ရေးဆိုင်ရာ အကြံဉာဏ်တွေနဲ့ စစ်ဆင်ရေးအတွက် လိုအပ်တဲ့ အကူအညီ ပေးအပ်ခဲ့တဲ့အတွက် မင်းတပ်မြို့ပေါ်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာ ၂၁ ရက်​မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြတာလည်း သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝ၊ ဆမီး၊ ကျင်ဒွေး၊ ကန်ပက်လက်၊ မကွီအိမ်နူး၊ မင်းတပ်၊ မတူပီ၊ ရေဇွာ၊ လိုင်လင်းပီ စတဲ့မြို့တွေ အပါအအဝင် ချင်းပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ချင်းပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိ ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024