Home
မြန်မာသတင်း
နွားထိုးကြီးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး
DVB
·
December 25, 2024
Photo: နွားထိုးကြီး ပအဖ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက် ညနေ ၆ နာရီဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက် ဒေသခံ ၂ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

နွားထိုးကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူ့အခွင့်အရေးတာဝန်ခံက “နွားထိုးကြီးမြို့ရဲ့ အရှေ့ဘက် ၆ မိုင်လောက်မှာရှိတဲ့ ဒေါင့်ဘိုးရွာကိုဗုံးကြဲသွားတာပါဗျ။ ရွာလယ်ကောင်က အိမ်ပေါ်ကိုတည့်တည့်ကျတယ်။ တအိမ်တည်းမှာနေတဲ့ လင်မယား ၂ ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားပါတယ်။ အမျိုးသားက ခေါင်းပြတ်သွားတယ်လို့ သိရပါတယ်။ ခိုင်းနွားတချို့လည်း သေတယ်လို့လည်း သိရတယ်ဗျ။ ပြည်သူလူထုအများစုက အမှန်တရားဘက်မှာပဲထောက်ခံကြတာကို သူတို့လည်းသိနေတော့လေ ပြည်သူကိုအဓိကထားပြီး တိုက်ခိုက်နေတယ်လို့ မြင်တယ်ဗျ”လို့ ပြောပါတယ်။

အဆိုပါဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒေါင့်ဘိုးကျေးရွာက လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားခဲ့သလို ရွာခံ ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေရရှိသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

Natogyi People Defence Force - NPDF (မြင်းခြံခရိုင် အမှတ် ၄/၁၀) တပ်ရင်းမှူး ကိုစိုးအောင်က “တိုက်ပွဲဖြစ်တာရှိလို့မဟုတ်ပါဘူး။ အဲ့ဒိနေ့မနက်ပိုင်းမှာ နွားထိုးကြီးမြို့နယ်ထဲက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ မှာတော့ ကျနော်တို့တပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ်တွေကိုတော့ တားဆီးစစ်ဆေးတာတွေလုပ်ခဲ့ကြတယ်ပေါ့ဗျာ။ အဲ့ဒါပြီး ညနေပိုင်းမှာ အမြန်လမ်းရဲ့ အနောက်မြောက်ဘက် ၁၀ မိုင်လောက်က ဒေါင့်ဘိုးရွာကို စစ်တပ်ဘက်က လေ​ယာဥ်နဲ့ဗုံးကြဲခဲ့တာပါ”လို့ DVB ကို ပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက် ည ၇ နာရီဝန်းကျင်မှာလည်း နွားထိုးကြီးမြို့နယ်ထဲက မြိုင်သာကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ထပ်မံကြဲသွားပြီး ထိခိုက်ဒဏ်ရာရသူဘယ်လောက်ရှိလဲ မသိရသေးပါတယ်။

နွားထိုးကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေပြီး နောက်ထပ်လေကြောင်းတိုက်ခိုက်တာတွေဆက်လုပ်လာမှာကို ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်မှ  ၅ ရက်အထိ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နဘဲမြစ်ကျေးရွာက အမျိုးသား ၄ ယောက်၊ ကွမ်းအုံကျေးရွာက အမျိုးသမီး တယောက်၊ အသက် ၁၁ နှစ်အရွယ် ကလေးငယ် တယောက်၊ လုံးတောကျေးရွာက အသက် ၉ နှစ်အရွယ်ကလေး တယောက်၊ ကန်နှောင်းကျေးရွာက အမျိုးသား တယောက်၊ လက်ဝဲ-မြင်းနီကျေးရွာက အမျိုးသား တယောက်၊ အောင်ပန်းကုန်းကျေးရွာက အမျိုးသား တယောက်၊ အမျိုးသမီး တယောက်နဲ့ ၁၃ နှစ်အရွယ်ကလေးငယ် တယောက်တို့ သေဆုံးခဲ့ကြရသေးတယ်လို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013