မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၅ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်းဆောင်တွေ ပျက်စီးခဲ့သလို ဒေသခံပြည်သူတွေလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
တောင်သာမြို့နယ်၊ လူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူတယောက်က “ဇရပ်ကြီးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခဲ့တာပါ။ စာသင်ကျောင်းဆောင်တွေ အားလုံးပျက်စီးသွားပါတယ်။ ကျောင်းပိတ်ရက်ဖြစ်နေလို့တော့ ကျောင်းသူ ကျောင်းသား ဆရာ၊ ဆရာမတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ ရွာခံ အမျိုးသမီး ၂ ယောက်တော့ ဒဏ်ရာရပါတယ်။ ဒါပေမဲ့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇရပ်ကြီးကျေးရွာစာသင်ကျောင်းကို ဒီဇင်ဘာ ၂၅ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ဂျက်လေယာဉ်နဲ့ တကြိမ်၊ နေ့လယ် ၂ နာရီဝန်းကျင်မှာ အင်ဂျင်တပ် လေထီးနဲ့ တကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။
တောင်သာ PDF ရဲ့ တာဝန်ခံက “စစ်ကြောင်းထိုးတာလည်းမရှိဘူး။ တိုက်ပွဲဖြစ်တာလည်း မရှိဘူးဗျ။ ဘလိုင်းကြီး ဗုံးလာကြဲသွားတာပါ။ အဲဒီရွာမှာ အရင်ကတော့ စစ်ကောင်စီတပ်က တပ်စွဲခဲ့ကြသေးတယ်။ PDF ရဲဘော်တွေ ခဏခဏအပစ်ခံရတော့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ စခန်းစွန့်ပြီး ထွက်ပြေးသွားကြတယ်။ အဲဒါကို မကျေနပ်လို့ အခုမှ ဗုံးလာကြဲတာ ဖြစ်နိုင်တယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာက ဘုရား၊ ဘာသာရေးကျောင်း၊ စာသင်ကျောင်းနဲ့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတာဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ အခိုင်အမာ ဆောက်လုပ်ထားကြပြီး လေကြောင်းသတင်းထုတ်ပြန်ချက်တွေကို အဆက်မပြတ် နားထောင်ကြဖို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ဒီဇင်ဘာ ၁ဝ ရက်ကလည်း တောင်သာမြို့နယ်ထဲက မိုးနှောင်းခင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ရွာခံအမျိုးသမီး တယောက် သေဆုံးခဲ့သလို ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
Photo: တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ