Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ကို စစ်ကောင်စီလေတပ်က  ဆက်တိုက် ဗုံးကြဲ
DVB
·
January 3, 2025

အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတို့ နိုင်ငံရေးနည်းလမ်းနဲ့  ဆွေးနွေးမယ်လို့ အပြန်အလှန်ဖိတ်ခေါပြီးနောက် စစ်ကောင်စီလေတပ်က ရခိုင်ပြည်နယ်ရှိ မြို့ရွာတွေကို ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့  ဒေသခံတွေက ပြောကြပါတယ်။

ဇန်နဝါရီ ၃ ရက် မွန်းတည့်  ၁၂ နာရီကျော်လောက်မှာ မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့ရှိ အထက်တန်းကျောင်းနဲ့ ဆေးရုံတို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစီးနဲ့ ၂ကြိမ်တိုင်တိုင်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက်သေဆုံးပြီး ဆေးရုံနဲ့ စာသင်ကျောင်းဆောင်တွေ ပြိုပျက်စီးသွားတယ်လို့ ကမ်းထောင့်ကြီးမြို့ခံက ပြောပါတယ်။

“ဒီနေ့မနက်ပိုင်း ၁၂ နာရီကျော်မှာ စစ်ကောင်စီလေတပ်က အရင်ဆုံး စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်တာ။ နောက်ဆေးရုံကိုလာပြီး ဗုံး ၂ လုံး လာရောက်ကြဲသွားပြီးတော့ အနီးမှာရှိတဲ့ အမျိုးသမီး ဒဏ်ရာအပြင်အထန်ရသွားတယ်။ သူ အရေးပေါ်ဆေးကုသမှု ခံယူနေစဉ်မှာပဲ ဆုံးသွားတယ်။ စာသင်ကျောင်းနဲ့ ဆေးရုံကတော့ ရစရာမရှိအောင် ပျက်သွားတယ်။ ဆေးရုံက ပိတ်ထားတာကြောင့် လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မရှိကြဘူး” လို့ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုသေဆုံးသွားသူမှာ ကမ်းထောင့်ကြီးမြို့က ဒေါ်မသိန်း (၇၀ နှစ်) ဖြစ်ပါတယ်။

စစ်ကောင်စီက ကမ်းထောင့်ကြီးကျေးရွာနဲ့ ဆေးရုံတို့ကို ၂၀၂၄ ခုနှစ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်းပြုလုပ်ခဲ့တာကြောင့် ဆေးရုံကို ပိတ်ထားတယ်လို့  မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ AA တို့ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးမယ်လို့ အပြန်အလှန်ဖိတ်ခေါ်ပြီးနောက် ဒီဇင်ဘာ ၃၁ ရက်နေ့ ‌စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးနည်းလမ်းနဲ့  ဖြေရှင်းမယ့် နည်းလမ်းထက် ပြည်သူတွေကို တိုက်ခိုက်ပြီး သူတို့ရဲ့ နောက်ဆုံးကျဆုံးခန်းအထိ ဒုက္ခပေးသွားမယ့်သဘောရှိတယ်လို့ ရခိုင်စစ်ရေးကို အကဲခတ်စောင့်ကြည့်နေတဲ့ မြောက်ဦးမြို့ခံ လူငယ်က  ပြောပါတယ်။

“ အာရက္ခတပ်တော်က နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးမယ်လို့ ကြေညာချက်ထုတ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကတော့ ဆက်တိုက်ရှိနေသေးတာ တွေ့ရတယ်။ အထူးသဖြင့် စစ်ကောင်စီက သူတို့က ငြိမ်းချမ်းရေးကို လိုလားတယ်လို့ပြောနေပေမဲ့ လက်တွေမှာ ငြိမ်းချမ်းရေးကို လိုလားပုံမရဘူး။ စစ်ကောင်စီက သူတို့နောက်ဆုံးကျဆုံးခန်းအထိ ပြည်သူတွေကို အကြမ်းဖက်မှုတွေ ပြုလုပ်ပြီး ဒုက္ခပေးသွားမယ့် သဘောတွေ့ရတယ်” လို့ပြောပါတယ်။

ဒါအပြင် အမ်းမြို့နယ်မှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေသလို စစ်တွေမြို့နယ်မှာလည်း လက်နက်ကြီး ပစ်ခတ်နေတာတွေကို နေ့တိုင်းလိုလို ပြုလုပ်နေပြီးတော့ စစ်ရေးပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိသိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီကို စစ်ရေးဖြင့် ဖြေရှင်းရေးထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အသိပေးလို့ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013