ကိုးကန့် MNDAA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ကုန်သွယ်ရေး လမ်းပေါ်ရှိ သိန္နီမြို့ထဲ ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီကျော်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က "ဟိုတယ်ထောင့်နားက နေအိမ်မှာ ကျတာ။ အိမ်နဲ့ တော်တော်နီးတယ်။ အိမ်က မီးဖိုဆောင် တံခါးတွေတောင် ပျက်သွားတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက်စွန့်ပြီး နိုင်ငံရေး ဆွေးနွေးမှုတွေလုပ်ဖို့တဖက်မှာ ပြောဆိုနေချိန်မှာပဲ တဖက်မှာတော့ လေကြောင်းကနေ အကြမ်းဖက် ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်နေတာပါ။
ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က "ပြင်းအား ပြင်းတဲ့ ဗုံးလို့ပဲ ပြောရမှာပေါ့။ ပေါင် ဘယ်လောက်လဲ ဆိုတာ သေချာတော့ မသိဘူး။ ကြဲသွားတာ ၂ လုံး ကြဲသွားတာ" လို့ ပြောပါတယ်။
သိန္နီမြို့၊ ရပ်ကွက် ၃ ရှိ သိန္နီဟိုတယ် ဘေးမှာ ဗုံးကျရောက် ထိမှန်ခဲ့ပြီး ဗုံးတိုက်ရိုက် ထိမှန်ခဲ့တဲ့ နေအိမ်တလုံးပြိုကျ ပျက်စီးခဲ့ရကာ အနီးအနားရှိနေအိမ်အများအပြားပါ ဗုံးစထိမှန်ပျက်စီးခဲ့ ပေမဲ့ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိကြောင်း လားရှိုး ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ်က သတင်း ထုတ်ထားပါတယ်။
နယ်စပ်ကုန်သည်တယောက်က "ဟိုတယ်က မြို့ထဲမှာ ရှိတာလေ။ အရပ်သား အထိအခိုက်တော့ မကြားဘူး။ သိန္နီဘက်က လိုင်း ခက်တယ်"လို့ ပြောပါတယ်။
၂၀၂၄ နိုဝင်ဘာ ၂၄ ရက်မှာ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ နမ့်ပေါင်နဲ့ သံလွင်စံပြကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီဘက်က နောက်ဆုံးအကြိမ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီးနောက် ၃၈ ရက်အကြာမှာ အခုလို လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။