Home
ရုပ်သံ
၁ နှစ်အတွင်း စစ်ကောင်စီ တပ်မ ၁၀ ခုကျော်စာ ပြုန်းတီးခဲ့ဟု NUG ဆို
DVB
·
January 5, 2025
Photo: MOD

ပြီးခဲ့တဲ့ ၁ နှစ်အတွင်း စစ်ကောင်စီဘက်က အရာရှိ ၃၀၀ ကျော်အပါအဝင် တပ်မ ၁၀ ခုကျော်စာ တပ်ဖွဲ့ဝင်တွေ ပြုန်းတီးခဲ့သလို စစ်စခန်း ၇၅၀ လောက် သိမ်းပိုက်နိုင်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂ဝ၂၄ ခုနှစ် စစ်ရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာမှာဖော်ပြထားတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနဲ့ ဒေသကာကွယ်ရေးတပ်အသီးသီးရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာ ၂၉ ရက်နေ့ထိ စစ်သား၊ ရဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄,၀၉၃ ယောက် သေဆုံး၊ ၇,၃၆၃ ယောက် ဒဏ်ရာရတာကြောင့် စုစုပေါင်း ထိခိုက်သေဆုံးသူ ၂၁,၄၅၆ ယောက်ရှိပြီး တပ်မ အင်အား ၁၀ ခုကျော်ပမာဏနဲ့ညီမျှတဲ့ အင်အားပြုန်းတီးခဲ့တာလို့ ဆိုပါတယ်။

ဒီကာလအတွင်း စစ်အရာရှိ ၃၁၅ ယောက်သေဆုံး၊ ၁၂၇ ယောက် ဒဏ်ရာရပြီး ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီး အဆင့်ရှိသူ အနည်းဆုံး ၅၃ ယောက်ဟာလည်း  သေဆုံး၊ ဒဏ်ရာရတာနဲ့ သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးမှာ စစ်ကောင်စီရဲ့ စခန်းပေါင်း ၇၄၁ ခု ကို သိမ်းယူထားနိုင်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ဒေသကာကွယ်ရေးတပ်တွေက သိမ်းပိုက်ခဲ့တဲ့ စခန်းပေါင်းကတော့ ၁၆၂ ခု ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၅ ရက်နေ့ထိ တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ် ၂ ခု၊ ဒကစဌာနချုပ် ၁ ခု၊ စကခဌာနချုပ် ၅ ခု၊ စစ်ဗျူဟာ အခြေချစခန်း ၆ ခု၊ လေတပ်ဆွယ် ၂ ခု၊ တိုက်ခိုက်ရေးနောက်တန်းစခန်း ၈၆ ခု၊ လက်ရုံး နောက်တန်းစခန်း ၅၄ ခု၊ နယ်ခြားစောင့်စခန်း ၁၇ ခု၊ စုစုပေါင်း အခြေစိုက်ဌာနချုပ်စခန်း ၁၇၃ ခု ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်း စစ်တပ်ရဲ့ အဓိကတိုက်ခိုက်ရေးအင်အားဖြစ်တဲ့ တပ်မ ၁၀ ခု၊ စကခ ၁၇ ခု၊ တပ်မဟာ ၃ ခုတို့ထဲက စုစုပေါင်း တပ်ရင်း ၂၈၂ ရင်းမှာ အနည်းဆုံး တပ်ရင်း ၁၀၁ ရင်း လောက်ဟာ ဖွဲ့စည်းပုံ ပျက်နေပြီဖြစ်ပြီး ၁၄၂ ရင်းဟာလည်း အင်အားချိနဲ့နေတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကတော့ နိုင်ငံအလယ်ပိုင်းမှာ မြင်းခြံခရိုင်စစ်ဆင်ရေးဆင်နွှဲပြီး စစ်ရေးစွမ်းရည်ကို လက်တွေ့ပြသခဲ့သလို မကွေးတိုင်း (တောင်ခြမ်း)၊ ပဲခူးတိုင်း (အနောက်ခြမ်း)၊ ဧရာဝတီတိုင်းတို့မှာလည်း ပြောက်ကျားစစ်၊ လှုပ်ရှားစစ်က ပြန့်ကျယ်တိုးပွားလာနေတယ်လို့ ဖော်ပြပါတယ်။

ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေဟာ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေတွေလွတ်မြောက်ရေး အတွက်လည်း ပြည်နယ် ၇ ခု လုံးမှာ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013