Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၌ စစ်တပ် တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၃၅၀၀ ကျော်ရှိ
DVB
·
January 6, 2025
၂၀၂၃ ဧပြီ ၁၁ ရက် ပဇီကြီးရွာ လေကြောင်းဗုံးကြဲအပြီး အပျက်အစီးများ။

စစ်ကိုင်းတိုင်းမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၃၅၈၇ ယောက်အထိရှိလာတယ်လို့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အရပ်သားသေဆုံးသူ ၁၇၂၇ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၈၆၀ ယောက်ရှိကာ သေဆုံးမှုရဲ့ ၉၄ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ၊ လက်နက်ကြီး ၊ ဒရုန်း ၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲက ရွှေဘိုခရိုင် ၊ ကန့်ဘလူခရိုင် ၊ မုံရွာခရိုင် ၊ စစ်ကိုင်းခရိုင်နဲ့ ကလေးခရိုင်တွေမှာ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေ ပိုများခဲ့ပြီး အရပ်သားသေဆုံးသူ ၁၃၀၀ အထိရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း အရပ်သားသေဆုံးသူ ၃၄၇ ယောက်နဲ့ ထိခိုက်ဒဏ်ရာရှိရှိသူ ၃၄၄ ယောက်ရှိခဲ့ပါတယ်။

စစ်ကိုင်းဖိုရမ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက “စစ်ကိုင်းတိုင်းမှာတော့ နေရာအနှံ့ အကြမ်းဖက်စစ်တပ်က အကြမ်းဖက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ကြာပါပြီ စစ်ကိုင်းတိုင်းထဲက ထိခိုက်သေဆုံးမှုတွေဟာ တနိုင်ငံလုံးရဲ့ ထက်ဝက်အထက်ကို ရှိပါတယ်။ တိုင်းကလည်းကျယ် လူကလည်းများ တော်လှန်ရေးကလည်း အားကောင်းတော့လေ ထိခိုက်သေဆုံးမှု တွေက ပိုများပါတယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာမှာ ၂၀၂၃  ဧပြီ ၁၁ ရက် မနက်က စစ်ကောင်စီတပ်က  တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင်  ၁၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဟာ အဆိုးဆုံးဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်တာ ဖြစ်တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် အရပ်သားသေဆုံးသူ လစဉ် ပျမ်းမျှ ၈၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရှိသူ ပျမ်းမျှ ၈၈ ယောက် အထိရှိနေပါတယ်။

ဒါကြောင့် တဖက်မှာလည်း နိုင်ငံတကာကို တိုက်တွန်းသလိုမျိုး တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီ့ထက်ပိုပြီး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်ကိုဖြုတ်ချရေးအတွက် အားလုံးဝိုင်းဝန်းကြဖို့ တိုက်တွန်းပြောဆိုမှုတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013