စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက မြို့သစ်ကျေးရွာကို ဇန်နဝါရီ ၅ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ်နဲ့ စပါးကျီတွေအပြင် လယ်ယာသုံးစက်ပစ္စည်းတွေလည်း မီးလောင်ပျက်စီးကုန်တယ်လို့ သိရပါတယ်။
မီးဘေးကူညီဆောင်ရွက်ပေးနေသူတယောက်က “မြို့သစ်ရွာကို စစ်တပ် စစ်ကြောင်းထိုးပြီး မီးရှို့သွားလို့ အိမ်တွေနဲ့ စပါးကျီ ၆ လုံးလောက် မီးလောင်ကုန်တယ်။ လယ်ယာသုံး စက်ပစ္စည်းတွေလည်း မီးလောင်တဲ့အထဲ ပါကုန်တယ်။ ရွာခံတွေ အပြေးမြန်ကြလို့ အဖမ်းခံရတာနဲ့ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ မီးရှို့မခံရတဲ့အိမ်တွေက ပစ္စည်းတွေကိုလည်း စစ်သားတွေက ဝင်ခိုးသယ်သွားကြတယ်” လို့ ပြောပါတယ်။
အဆိုပါ မြို့သစ်ကျေးရွာဟာ ယင်းမာပင်မြို့နဲ့ ၁ မိုင်နီးပါးသာ ဝေးကွာပြီး အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ရွာကြီးတရွာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “စကစစစ်ကြောင်းမှာက ယင်းမာပင်မြို့ပေါ်က (--) တွေ အင်အား ၃၀ လောက်ပါတယ်။ နေ့လယ် ၁၁ နာရီလောက်မှာ ရွာနားကိုရောက်လာပြီးတော့ ရွာပြင်က တဲတလုံးကို အရင်မီးရှို့ပြီးတော့မှ ရွာထဲဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို စိတ်တိုင်းကျ ခိုးကြတယ်။ နေ့လယ် ၁ နာရီလောက်မှ ရွာထဲကအိမ်တွေကို မီးတင်ရှို့ကြတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီနေ့ နေ့လယ် ၃ နာရီဝန်းကျင်မှာတော့ ယင်းမာပင်မြို့ပေါ်ကို ပြန်လည်ထွက်ခွာသွားကြပြီး ည ၈ နာရီဝန်းကျင်ကလည်း ယင်းမာပင်မြို့ပေါ် အောင်ဇေယျမြို့သစ်ရပ်ကွက်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ဒေသခံက ပြောပါတယ်။
ဇန်နဝါရီ ၄ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ယင်းမာပင်မြို့ပေါ်မှာရှိတဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အခုလို ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။