ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ တော်လှန်ရေးရဲဘော်တယောက်ရဲ့ ဖခင်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပစ်သတ်ပြီး လမ်းဘေးမှာ စွန့်ပစ်ထားကြောင်း ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။
ဇန်နဝါရီ ၅ ရက် မနက်အစောပိုင်းက အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ခြောက်တင်ကွင်းရွာနားမှာ အမျိုးသားတဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“မနက် ၁၀ နာရီဝန်းကျင်လောက်မှ အလောင်းကို ရဲတွေ၊ စစ်သားတွေ လာကောက်သွားတာ၊ ဘယ်သူလဲဆိုတာတော့ သေချာမသိရဘူး၊ မေးလည်းမမေးရဲဘူးလေ၊ ရဲတွေ စစ်သားတွေ ပစ်သတ်ပြီး လမ်းဘေးပစ်ထားတယ်လို့လည်း ပြောနေတယ်။”
ပစ်သတ်ခံရပြီး လမ်းဘေးစွန့်ပစ်ခံထားရသူဟာ အုတ်ဖိုမြို့နယ်၊ ဂွေ့ချောင်းကြီးရွာက အသက် ၄၁ နှစ်အရွယ် ကိုသိန်းဌေး ဆိုသူဖြစ်ပြီး သူဟာ တော်လှန်ရေးရဲဘော်တယောက်ရဲ့ ဖခင်ဖြစ်ကြောင်း Hero ပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။
“ကျနော်တို့တပ်ဖွဲ့က ရဲဘော်တယောက်ရဲ့ အဖေပါ။ ၃ ရက်နေ့က ရွာကနေ မြို့သွားတဲ့အချိန် အဖမ်းခံလိုက်ရတာပါ။ တော်လှန်ရေးရဲဘော်တဦး အဖေလို့ သတင်းပေးတွေက အစောတည်းက တိုင်ထားလို့ ရဲတွေက စောင့်ပြီးဖမ်းတာပါ။ ရဲဘော်ရဲ့ပုံကိုပြပြီး ဖမ်းတာ။ ပြီးတော့ ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းတခုကို လိုက်ပြခိုင်းသေးတယ်။ အဲဒါပြီးတော့ ပစ်သတ်ပြီး မနက်ကျ လမ်းဘေးစွန့်ပစ်ထားတာ။”
အဲဒီတော်လှန်ရေးရဲဘော်ရဲ့ ဖခင်ကို ဖမ်းဆီးသတ်ပစ်ပြီးနောက် မိခင်ကိုပါ ဖမ်းဆီးသတ်ဖြတ်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကြံစည်လာတာကြောင့် မိခင်ဖြစ်သူလည်း တိမ်းရှောင်နေရကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်ကလည်း အုတ်ဖိုမြို့ပေါ်က အလှကုန်ဆိုင်ပိုင်ရှင်တယောက်ဖြစ်တဲ့ အသက် ၆၀ ကျော်အရွယ် ဦးကျော်သန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရကြောင်း ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
“အဲဒီဦးလေးက ည ၈ နာရီဝန်းကျင်လောက် လူရှင်းတဲ့အချိန် သင်တောရွာထဲမှာ ကားမောင်းသင်နေတာ၊ အဲဒီမှာ ကင်းလှည့်နေတဲ့ စစ်သားတွေနဲ့တွေ့ပြီး ကားကိုတားတာ၊ ဟိုက ကားမမောင်းတတ်တော့ ကားကို ရပ်မပေးမိလိုက်ဘူး။ အဲဒီမှာ သေနတ်နဲ့ ဝိုင်းပစ်ကြတာ၊ ပေါင်ထိသွားတယ်၊ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုနေရတယ်။”
အခုရက်ပိုင်းအတွင်း အုတ်ဖိုမြို့နယ် အပါအဝင် သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားတိုးချထားပြီး စစ်ဆေးတင်းကျပ်မှုတွေ ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၇ ရက်ကလည်း သာယာဝတီခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဆင်းလူအုပ်စုအတွင်းမှာ လူငယ် ၂ ယောက်ကို သတ်ဖြတ်ပြီး လည်ပင်းမှာ အနက်ရောင် သေမင်းတမန်လို့ ရေးထိုးထားတဲ့ စာရွက်တွေ ချိတ်ဆွဲပြီး လမ်းဘေးစွန့်ပစ်ထားခဲ့ပါတယ်။