Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံး
DVB
·
January 6, 2025

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဒုံပြင်နဲ့ တောင်ပေါက်ကျေးရွာအနီးကို စစ်ကောင်စီက ဇန်နဝါရီ ၅ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ယောက် သေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီ ၅ ရက် နေ့လယ် ၃ နာရီကျော်ခန့်မှာ ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ အောင်ဒုံပြင်ကျေးရွာနဲ့ တောင်ပေါက်ကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မွတ်ဆလင် အမျိုးသမီး ၂ ယောက် အပါအဝင် အရပ်သား ၄ ယောက် သေဆုံးခဲ့တာလို့ ပုဏ္ဏားကျွန်းဒေသခံတယောက်က ပြောပါတယ်။

“ညနေ ၃ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နှစ်စီးနဲ့ ဗုံး ၃ ကြိမ် ကြဲသွားတာ။ တောင်ပေါက်အနီးမှာက ဖုန်းလိုင်းရတာကြောင့် ဖုန်းလိုင်းမရတဲ့ နေရာကသူတွေ ဖုန်းလာပြောကြတာ ရှိကြတယ်။ အဲဒီလူစုလူဝေးကို စစ်ကောင်စီက တမင်ရည်ရွယ်ပြီး ပစ်သွားတယ်။ တောင်ပေါက်အနီး ပစ်ခတ်မှုမှာ မွတ်ဆလင်အမျိုးသမီးနှစ်ဦးနဲ့ ကလေးတဦး သေသွားတယ်။ နောက် အောင်ဒုံပြင်ကျေးရွာကိုလည်း ဗုံးတလုံး ကြဲချသွားတယ်။ အောင်ဒုံပြင်မှာလည်း အမျိုးသမီးတဦး သေသွားတယ်။”

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ ကျောက်တော်မြို့ ပိုက်သည်ရပ်(မွတ်ဆလင်)ရွာက အမျိုးသမီး ၂ ယောက်၊ အောင်ဒုံပြင်ရွာက မဇင်မာခိုင် (၁၇ နှစ်) နဲ့ ဆယ်ကျော်သက်အရွယ် ကလေးငယ်တယောက်တို့ ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်ထားတာကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲ စစ်တွေမြို့နယ်က ဖုန်းလိုင်းတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ကျေးရွာတွေမှာ ရရှိတာကြောင့် ဒေသခံတချို့ဟာ တောင်ပေါက်ကျေးရွာအနီးမှာ ဖုန်းလာပြောနေကြတာ ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကိုလည်း ဒီဇင်ဘာ ၃၁ ရက်က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အာရက္ခတပ်တော် (AA) က စစ်ကောင်စီကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်က မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ဆိုသလို ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲ တနှစ်ကျော်အတွင်းမှာ AA က ပလက်ဝမြို့နယ် အပါအဝင် မြို့နယ် ၁၅ ခုကို သိမ်းပိုက်ထားပြီး စစ်ကောင်စီက AA ရဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024