၂၀၂၄ ခုနှစ်တခုလုံးကို ခြုံငုံပြီးကြည့်ရင် သမိုင်းမှာ မြန်မာ့လူ့အခွင့်အရေး အဆိုးရွားဆုံး အခြေအနေတရပ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဇန်နဝါရီ ၃ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ကြိုးပမ်းဆောင်ရွက်ချက်တွေနဲ့ စိန်ခေါ်မှုတွေအကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် တနှစ်လုံးမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၇,၃၉၄ ခု ရှိခဲ့တာဖြစ်ပြီး ဒါဟာ ၂၀၂၃ ခုနှစ်ထက် ၂ ဆနီးပါး တက်လာတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်အတွင်း စုဆောင်းရရှိခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဒေသအလိုက်ဆိုရင်တော့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ချိုးဖောက်မှုပေါင်း ၁,၁၅၂ ခု ရှိခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစားပေါင်း ၂၀ သတ်မှတ်ထားပြီး တရားလက်လွတ် သတ်ဖြတ်မှုက အများဆုံးဖြစ်ပြီး ၁,၇၈၇ ခု ရှိပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေဟာ သာမန်လူ့အခွင့်အရေးချိုးဖောက်မှု မဟုတ်ဘဲ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု၊ လူသားမျိုးနွယ်တခုလုံးကို ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပြီး NUG အနေနဲ့ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ အပြစ်ပေး အရေးယူနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတို့က တဆင့် ဆုံးဖြတ်ချက်တွေ ထွက်လာပြီး မြန်မာ့အရေးကို အရေးယူဆောင်ရွက်မှုဖြစ်အောင် လုပ်ဆောင်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ယန္တရားကို အသုံးပြု လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ စစ်ကောင်စီရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအပေါ်မှာ တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းမှု၊ ပံ့ပိုးမှုတွေ လုပ်ဆောင်ခဲ့သလို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှု တရားရုံး (ICC) မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်မှုတွေမှာ တင်ပြပြောဆိုတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မြတ်သဇင်