Home
မြန်မာသတင်း
နိုင်ငံခြားရောက်ဝန်ကြီးများ ပြည်တွင်းကိုပြန်လာရန် NUG ယာယီသမ္မတ ထပ်မံတိုက်တွန်း
DVB
·
January 2, 2025

ပြည်ပကိုရောက်နေပြီး ပြန်လာသင့်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေအနေနဲ့  မြန်မာပြည်တွင်းကိုပြန်လာကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောဆို ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

ပြည်ပရောက်ဝန်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေပြန်လာဖို့ နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတက ပထမအကြိမ်ပြောဆိုခဲ့တာဖြစ်ပြီး လက်ရှိ အချိန်အထိတော့ ဝန်ကြီးဌာနတွေနဲ့ အစိုးရတာဝန်ရှိသူတွေဆီက တုံ့ပြန်မှုတစုံတရာမ ရှိသေးပါဘူး။ 

NUG အစိုးရ၊ ဝန်ကြီးဌာန ၁၇ ခုမှာ ဝန်ကြီးနဲ့ ဒုဝန်ကြီး ၃၄ ယောက်အထိခန့်အပ်ထားပြီး အဲ့ဒီအထဲက ထက်ဝက်ကျော်ဟာ ပြည်ပကိုရောက်ရှိနေတဲ့အတွက် အများကပြည်သူတွေရဲ့ ဝေဖန်မှုတွေရှိနေတာပါ။

ပြည်သူကိုဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ ပြည်တွင်းကတော်လှန်ရေးအင် အားစုတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ အခုလိုတိုက်တွန်းတာလို့  NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

"ပိုမိုကျယ်ပြန့်ပြီး ဦးဆောင်မယ့်သူတွေနဲ့ အစိုးရအဖွဲ့ကို အားကောင်းအောင်၊ တော်လှန်ရေးပိုမို အားကောင်းအောင်လုပ်ကိုင်ဖို့ရှိနေတာဆိုတာ သမ္မတကြီးပြောသွားတယ်။ လူမှန်နေရာမှန်ဖြစ်ဖို့ အတွက်ကြိုးစားနေတယ်။ အစားထိုးတာဝန်ယူနိုင်သူအတွက်လည်း လွှဲပြောင်း တာဝန်ပေးဖို့လည်း အမြဲအဆင့်ရှိတယ်ဆိုတာ ပြောကြားသွားတာရှိပါတယ်။ ပြည်ပရောက်နေတဲ့ဝန်ကြီးတွေ ပြည်တွင်းမှာပြန်လာပြီးတော့ ထိရောက်တဲ့တော်လှန်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက် ဒီအခုမိန့်ခွန်းမှာလည်းပြောသွားပါတယ်။ ပြည်သူလူထုကို ဝန်ဆောင်မှုတွေပေးဖို့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေလုပ်ကိုင်နိုင်ဖို့အတွက် ပြန်လာဖို့သင့်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ ပြည်တွင်းမှာ ပြန်လာ၊ ပြည်တွင်းမှာရှိနေပြီးသားဖြစ်တဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ပူးတွဲပြီးတော့ ဆောင်ရွက်နိုင်ဖို့၊ တော်လှန်ရေးကိစ္စတွေကိုမဟာမိတ်တွေနဲ့ ပူးတွဲဆောင်ရွက်နိုင်ဖို့ အဲ့ဒါတွေရှိမယ်၊ ပြည်ပမှာနေထိုင်ဖို့လိုအပ်တဲ့ တာဝန်ရှိဝန်ကြီးတွေနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေအတွက်လည်း ပြည်တွင်းနဲ့ပြည်ပချိတ်ဆက်ပြီးလုပ်ကိုင်ဖို့ သမ္မတကြီး ထည့်သွင်းပြောကြားသွားတယ်။ အဲ့ဒါတွေ ဒီ ၂၀၂၅ ခုနှစ်မှာ ကျနော်တို့အစိုးရအဖွဲ့က လုပ်ကိုင်သွားဖို့ရှိတယ်။"

ဝန်ကြီးတွေအပြင် အစိုးရအဖွဲ့ဝင်တာဝန်ရှိသူအများအပြားလည်း ပြည်ပကိုရောက်နေပြီး စစ်ရေးအသာစီးရပြီးနောက် ပြည်တွင်းမှာ အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ကိုင်ရာမှာ မြေပြင်ကပြည်သူတွေကို တိုက်ရိုက်ဝန်ဆောင်မှုပေးနိုင်ဖို့ လိုအပ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအင်အားစုခေါင်းဆောင်တွေကလည်း နှစ်သစ်ကူးမိန့်ခွန်းတွေ ထုတ်ပြန်ပြောဆိုခဲ့ကြပြီး ၂၀၂၅ မှာ မိမိတို့ဒေသကိုအပြည့်အဝထိန်းချုပ်နိုင်ရေး ရည်ရွယ်ကြောင်း ဖော်ပြကြတာကိုတွေ့ရပါတယ်။

တပြိုင်တည်းထွက်ပေါ်လာတဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ NUG တို့ရဲ့ ၂၀၂၅ ရည်ရွယ်ချက် မိန့်ခွန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ရှင်းလင်းတဲ့မူဝါဒဖော်ပြချက်တွေမရှိသေးတာကို အားနည်းချက်အဖြစ်မြင်တွေ့ရတယ်လို့   နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့FPPS ဦးထွန်းကြည်က ပြောပါတယ်။

"မူဝါဒပိုင်းဆိုင်ရာတွေရော၊ ဦးဆောင်မှုအခန်းကဏ္ဏတွေမှာ တိကျတဲ့ပြတ်သားတာတွေ အစ်ကိုတို့ မတွေ့ရတာ ပါတယ်ပေါ့နော်။ ကတ်ဘိနက်အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ပတ်သက်လို့ တုံ့ပြန်မှုတွေက ဘာမှမသိရတဲ့အပြင် ရာခိုင်နှုန်းအားဖြင့်က ၆၈ ရာခိုင်နှုန်းလောက်ဖြစ်နေတယ်လေ။ အဲ့ဒါကြီးကတော့ မသင့်တဲ့ကိစ္စ၊ လူမှန်နေရာမှန်မရှိဘူးဗျာ။ မြေပြင်နဲ့ကင်းကွာပြီးတော့ ပြောနေဆိုနေ ညွှန်ကြားနေတာတွေက တကယ့်တကယ်ကတော့ တော်လှန်ရေးအပေါ် အပေါင်းလက္ခဏာဆောင်တဲ့သက်ရောက်မှုက အလွန်နည်းတယ်။"

တိုင်းရင်းသားအင်အားစုတွေက ၂၀၂၅ မှာ မိမိတို့ဒေသကို အပြည့်အဝထိန်းချုပ်နိုင်ရေး ပစ်မှတ်ထားနေကြပေမဲ့ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသကိုပါထိန်းချုပ်နိုင်မှ စစ်အာဏာရှင်စနစ်ကို ဖြိုလှဲနိုင်မယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ 

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ စစ်ရေးချိန်ခွင်လျာ အပြောင်းအလဲဖြစ်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးယူနိုင်ခဲ့ပေမဲ့ NUG အတွက် အားလုံးတစုတစည်းတည်းဖြစ်အောင် စည်းရုံးနိုင်ဖို့ စိန်ခေါ်ချက်တွေရှိနေတာပါ။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "ကျနော်တို့အစိုးရအဖွဲ့မှာ အားနည်း တဲ့အပိုင်းတွေရှိတယ်၊ ဥပမာ ပသုံးလုံးလိုကိစ္စမျိုးတွေမှာ အဲ့ဒီအတွက်လည်း ကျနော်တို့တွေဟာ ပြုပြင်ဖို့လည်း တစိုက်မတ်မတ်ကြိုးစားနေတယ်။ အားနည်းချက်တွေရှိတယ်ဆိုတာလည်း ကျနော်တို့တွေ ဝန်ခံတယ်။ ပိုအားကောင်းတဲ့အစိုးရအဖွဲ့ဖြစ်အောင်လုပ်နေရင်းနဲ့ ဒီအားနည်းချက်တွေကို မှားယွင်းချက်တွေကို ပြင်ဆင်သွားဖို့အတွက် ကျနော်တို့လုပ်နေတယ်။ ကျောသားရင်သား မခွဲခြား စနစ်တကျ ဥပဒေအရလုပ်သွားဖို့ သမ္မတကြီး ထောက်ပြပြောကြားသွားတာလည်းရှိပါတယ်"လို့ ပြောပါတယ်။

NUG ယာယီသမ္မတဒူဝါလရှီလပြောကြားခဲ့တဲ့မိန်းခွန်းမှာ ဖက်ဒရယ်ပြည်ထောင်စု ခရီးလမ်းအတွက် လမ်းညွှန်မြေပုံ၊ တိုင်းရင်းသားအင်အားစုတွေနဲ့ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပြည်တွင်းကိုပြန်လာရေး၊ စစ်ကောင်စီလက်အောက်ခံ အရာရှိအရာခံတွေ ပြည်သူ့ဘက်ကိုကူးပြောင်းရေး စတဲ့အချက်တွေကို ဦးစားပေးပြောဆိုခဲ့ ပါတယ်။

ဒါ့အပြင် လူထုအတွက် တော်လှန်ရေးတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်မယ့် ခေါင်းဆောင်တွေကို လှိုက်လှဲစွာ ကြိုဆိုတဲ့အကြောင်းနဲ့ လူထုတာဝန်တွေကို အတူတကွ ထမ်းဆောင်ဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ဖိတ်ခေါ်လိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ သန်းခေါင်စာရင်းကောက်ခံထားပြီး ရွေးကောက်ပွဲ ကျင်းပဖို့၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုသာအဓိကရည်ရွယ်ထားပြီး အားကစား၊ နိုင်ငံရေး၊ စီးပွားရေးတွေမှာ အခြေခံကောင်းတွေချထားနိုင်ပြီလို့ သူ့ရဲ့နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024