တောင်ကိုရီးယား ယာယီသမ္မတ ဟန်ဒုခ်ဆူကို စွပ်စွဲပြစ်တင်ဖို့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တွေက ဒီဇင်ဘာ ၂၇ ရက်က မဲခွဲဆုံးဖြတ်ခဲ့တာကြောင့် ဘဏ္ဍာရေးဝန်ကြီး ချွဲဆန်းမော့က တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေနဲ့အညီ ယာယီသမ္မတ ဖြစ်လာခဲ့ပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့ မဲမခွဲခင်မှာ တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီး ချွဲဆန်းမော့ဟာ နိုင်ငံရဲ့ ယာယီသမ္မတကို စွပ်စွဲပြစ်တင်မှုကြောင့် နိုင်ငံရဲ့ စီးပွားရေး ယုံကြည်ကိုးစားမှုကို ထိခိုက်ဆိုးရွားစေနိုင်ကြောင်း ပြောကြားခဲ့ပြီး အဲဒီအစီအစဉ်ကို ရုပ်သိမ်းဖို့ နိုင်ငံရေးပါတီတွေကို တောင်းဆိုခဲ့ပေမဲ့ အတိုက်အခံဒီမိုကရက်တစ်ပါတီ (DP) ခေါင်းဆောင် အီဂျယ်မြောင်က ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်အရ စွပ်စွဲပြစ်တင်မယ့် အစီအစဉ်ကို ဆက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား အာဏာရပါတီဖြစ်တဲ့ ပြည်သူ့အာဏာပါတီ (PPP) မှ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီဇင်ဘာ ၂၇ ရက် သောကြာနေ့က အမျိုးသားလွှတ်တော် အစည်းအဝေးရှေ့ကို တွန်းထိုးတိုးဝှေ့ခဲ့ကြပြီး ယာယီသမ္မတ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးချုပ် ဟန်ဒုခ်ဆူကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ချိန်မှာ ကန့်ကွက်အော်ဟစ်ခဲ့ကြပါတယ်။
အတိုက်အခံပါတီတွေ ဦးဆောင်တဲ့ ယာယီသမ္မတ ဟန်ကို စွပ်စွဲပြစ်တင်ရေး အဆိုပြုချက်ကို အဖွဲ့ဝင် ၃၀၀ ရှိ ပါလီမန်မှာ ထောက်ခံမဲ ၁၉၂ မဲနဲ့ အတည်ပြုခဲ့ချိန်မှာ အာဏာရပါတီမှ အမတ်တွေက ဒီမဲဆန္ဒတွေဟာ တရားမဝင်ဘဲ ပါလီမန်ဟာ အကြွင်းမဲ့အာဏာကို သုံးစွဲကျူးလွန်နေကြောင်း အော်ဟစ်ခဲ့ကြပါတယ်။
ယာယီသမ္မတ ဖြစ်လာတဲ့ ဘဏ္ဍာရေးဝန်ကြီး ချွဲဆန်းမော့ဟာ ဆိုးလ်အမျိုးသားတက္ကသိုလ် ဥပဒေကျောင်းမှ ဘွဲ့ရရှိခဲ့ပြီး တချိန်တည်းမှာပဲ သမ္မတယွန်းလည်း ပညာသင်ကြားခဲ့တာပါ။
သူ့ရဲ့ အစိုးရတာ၀န် ထမ်းဆောင်မှုတွေထဲမှာ အများစုက ဘဏ္ဍာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ စီးပွားရေးမူဝါဒ ချမှတ်ခြင်း၊ ငွေကြေးဈေးကွက်မူဝါဒတွေနဲ့ ပြင်ပစီးပွားရေးဆက်ဆံရေးတွေကို ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။
လက်ရှိသမ္မတ ယွန်းဆုခ်ယိုးလ်ဟာ ဒီဇင်ဘာ ၃ ရက်မှာ မအောင်မြင်လိုက်တဲ့ စစ်အုပ်ချုပ်ရေးကြေညာချက်နဲ့ ပတ်သက်လို့ စွပ်စွဲပြစ်တင်ခံနေရတာပါ။
ဒီအမှုနဲ့ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးမှုတခု စတင်ဖို့အတွက် ဥပဒေပြုရေးကို ဒီဇင်ဘာ ၁၄ ရက်မှာ ယာယီသမ္မတ ဖြစ်လာတဲ့ ဟန်ဒုခ်ဆူက လက်မှတ်ရေးထိုးဖို့ ရွှေ့ဆိုင်းလိုက်တာကြောင့် ပါလီမန်မှာ နေရာအများစု ရထားတဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ (DP) က ယာယီသမ္မတ ဟန်ကို စွပ်စွဲပြစ်တင်ဖို့ ခြေတလှမ်း ထပ်တိုးခဲ့တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ လစ်လပ်နေတဲ့ တရားသူကြီး ၃ ယောက်ကို ခန့်အပ်ဖို့က သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်နေတယ်လို့ ပြောပြီး ယာယီသမ္မတ ဟန်ဒုခ်ဆူ က ငြင်းဆိုခဲ့ပါတယ်။
ဒီနောက်မှာ အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီဟာ ယာယီသမ္မတ ဟန်ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Source: Reuters