တောင်ကိုရီးယားနိုင်ငံမှာ တလအတွင်း ဗီဇာမဲ့နေထိုင်တဲ့ မြန်မာနိုင်ငံသား ၁၄ ယောက်ကို လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သလို သက်တမ်းတိုးဖို့ အငြင်းခံရသူ တယောက်ကို ပြေလည်အောင် လုပ်ပေးခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲက G1-99 လို့ခေါ်တဲ့ နိုင်ငံရေးအခြေအနေကြောင့် လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ ပေးတဲ့ဗီဇာ ယူထားပြီး စာချုပ်မချုပ်ဘဲ အလုပ်လုပ်လို့ အဖမ်းခံရသူတယောက်နဲ့ ယာယီနေထိုင်ခွင့်ယူထားပြီး အလုပ်လုပ်နေတဲ့ ၃ ယောက်တို့ကတော့ “ခွင့်ပြုချက်မဲ့ အလုပ်လုပ်မှု” နဲ့ ဒဏ်ကြေး ဝမ်ငွေ သိန်း ၂၀ စီ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လဝကရဲ့ ဖမ်းဆီးခံရမှုတွေမှာ ရဲမှုခင်းပြစ်ချက်ကင်းမှ လွတ်မြောက်ဖို့ အခွင့်ရှိတာဖြစ်ပြီး ပြစ်မှုတစုံတရာ ရှိရင်တော့ လွတ်မြောက်ခွင့်မရှိဘူးလို့ ကိုယ်စားလှယ်ရုံးက အသိပေးထားတာ တွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထောက်ခံချက်နဲ့ ပတ်စပို့စာအုပ်သက်တမ်း တိုးတာတွေကို ရပ်ဆိုင်းတယ်လို့ တောင်ကိုရီးယားအစိုးရ လူဝင်မှုကြီးကြပ်ရေးဘက်က ဒီဇင်ဘာ ၁၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိကြောင်းနဲ့ အဆင်ပြေအောင် ညှိနှိုင်းမှုတွေ ဆက်လုပ်နေတယ်လို့လည်း ကိုယ်စားလှယ်ရုံးနဲ့နီးစပ်တဲ့ တော်လှန်ရေးအသိုင်းအဝိုင်းက ပြောဆိုထားပါတယ်။
တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂ ရက်ကတည်းက စတင်ဖွင့်လှစ်ထားတာဖြစ်ပြီး ကိုရီးယားရောက် တော်လှန်ပြည်သူတွေရဲ့ အခက်အခဲတွေကို ဥပဒေဘောင်ထဲကနေ ဖြေရှင်းပေးနေတယ်လို့လည်း ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။