Home
ဆောင်းပါး
အာရှတိုက်တနေရာက တရားမျှတမှု
DVB
·
December 20, 2024
Photo : Reuters

ဒီအတောအတွင်း နိုင်ငံတကာသတင်းတွေထဲမှာ တောင်ကိုရီးယားနိုင်ငံက သတင်းကလည်း လူအများ စိတ်ဝင်စားခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတရဲ့ စစ်အုပ်ချုပ်ရေးကြေညာတဲ့သတင်း ဖြစ်ပါတယ်။ ဒီသတင်းကို Breaking news အဖြစ် တင်ကြတော့ ဘာပါလဲဆိုပြီး စိတ်လှုပ်ရှားခဲ့ရပါတယ်။ မြောက်ကိုရီးယားနဲ့များ စစ်ဖြစ်ကြတော့မလား၊ ကမ္ဘာစစ်များ ဖြစ်တော့မှာလားလို့ တွေးထင်မိကြသူတွေ မနည်းမနော ရှိခဲ့ပါတယ်။

အချိန်အတန်ကြာမှ သိလိုက်ရတာကတော့  ပြည်တွင်းလုံခြုံရေး ခြိမ်း‌ခြောက်မှုကြောင့်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားကို လိုလားတဲ့ အင်အားစုတွေ ရှင်းထုတ်ပစ်ဖို့နဲ့ ဖွဲ့စည်းပုံဥပဒေပါ လွတ်လပ်ခွင့်တွေကို အကာအကွယ်ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်ချုပ်ရေးကို သမ္မတက ကြေညာခဲ့တာလို့ သိလိုက်ရပါတယ်။ ဒါကြောင့် စစ်အုပ်ချုပ်ရေး ကြေညာပြီးပြီးချင်းမှာပဲ စစ်တပ်နဲ့ ရဲ‌တပ်ဖွဲ့တွေဟာ ပါလီမန်ရှိရာကို တဖွဲဖွဲ ရောက်ရှိလာခဲ့ပါတယ်။ ထို့အတူ ပါလီမန်ခေါင်မိုးမှာလည်း စစ်ရဟတ်ယာဉ်တွေ ဆင်းသက်လာပါတယ်။ ပြီးတာနဲ့ လွှတ်တော်အမတ်တွေ လွှတ်တော်ထဲ ဝင်မရအောင် တားဆီးပိတ်ပင်ဖို့ ကြိုးပမ်းကြပါတယ်။ တောင်ကိုးရီးယားအတွက်တော့ မာရှယ်လော ခေါ် စစ်အုပ်ချုပ်ရေး‌ ကြေညာတာဟာ အတော်ကိုထူးဆန်းပါတယ်။ ဘာလို့ဆို ၁၉၇၉ ခုနှစ် ပြီးတဲ့နောက် တောင်ကိုရီးယားမှု စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်ခဲ့လို့ပါပဲ။

‌ဖွဲ့စည်းပုံဥပဒေပြဋ္ဌာန်းချက်

တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံဥပဒေရဲ့ အခန်း ၄ အပိုင်း ၇၆ မှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ပြဋ္ဌာန်းထားပါတယ်။ အဲဒီပြဋ္ဌာန်းချက်အရ သမ္မတမှာ အရေးပေါ်အခြေအနေ ကြေညာခွင့်ရှိပါတယ်။

-ကြီးမားတဲ့ နိုင်ငံတော်အကျပ်အတည်းဖြစ်ပေါ်နေရင်၊ အရေးပေါ်အခြေအနေ ပေါ်ပေါက်နေပြီး အမျိုးသားလွှတ်တော်ကိုလည်း ချက်ချင်း ခေါ်ယူနိုင်ခြင်းမရှိရင် သမ္မတက အရေးပေါ်အခြေအနေကို ကြေညာနိုင်ပါတယ်။

-ဘယ်အရေးပေါ်အခြေအနေ စီမံချက်ကိုမဆို သမ္မတကနေ အမျိုးသားလွှတ်တော်ဆီ ဖြစ်နိုင်သမျှ တင်ပြ‌ပေးရမှာ ဖြစ်ပါတယ်။

-အမျိုးသားလွှတ်တော်က သဘောမတူရင် အဲဒီ အရေးပေါ်စီမံချက်တွေဟာ ရှေ့ဆက်အသုံးပြုလို့ မရတော့ပါဘူး။

အပိုင်း ၇၇ မှာလည်း သမ္မတရဲ့ စစ်အုပ်ချုပ်ရေး ကြေညာပိုင်ခွင့်နဲ့ ပတ်သက်လို့ ပြဋ္ဌာန်းထားပါတယ်။ အဓိကအချက်တွေကတော့

-စစ်ဖြစ်နေချိန်၊ လက်နက်ကိုင်ပဋိပက္ခ (သို့မဟုတ်) အရေးပေါ်အခြေအနေအတွင်းမှာ အများပြည်သူလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း စစ်အုပ်ချုပ်ရေးကို ကြေညာနိုင်ပါတယ်။

-သမ္မတက စစ်အုပ်ချုပ်ရေးကို ကြေညာလိုက်ပြီဆိုတာနဲ့ အမျိုးသားလွှတ်တော်ကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အသိပေး အကြောင်းကြားရပါမယ်။

-အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အများစုက စစ်အုပ်ချုပ်ရေးဥပဒေကို ရုပ်သိမ်းဖို့ တညီတညွတ်တည်း တောင်းဆိုရင် သမ္မတ လိုက်နာရပါမယ်။

‌ဥပဒေရဲ့အုပ်ချုပ်မှု

တောင်ကိုရီးယားနိုင်ငံမှာတော့ သမ္မတ ယွန်းဆွတ်ခ်ယိုးရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုဟာ နာရီပိုင်းပဲ ခံခဲ့ပါတယ်။ အတိုက်အခံပါတီ အပါအဝင် သမ္မတရဲ့ အာဏာရပါတီ ကိုယ်စားလှယ်တွေ ကိုယ်တိုင်  စစ်အုပ်ချုပ်ရေးကြေညာပြီး နာရီပိုင်းအကြာမှာပဲ လွှတ်တော်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလို ရဲတွေ စစ်တပ်တွေ ချထားတဲ့ကြားကနေ လွှတ်တော်ထဲကို သတ္တိရှိရှိနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ခဲ့ကြတာပါ။ သေနတ်တွေကြားကနေ တိုင်းပြည်ကို နောက်တကြိမ် သမိုင်းဆိုးထဲ ထပ်မရောက်အောင် ကာကွယ်ဖို့ အမြော်အမြင်ရှိရှိ သတ္တိရှိရှိ ကြိုးပမ်းခဲ့ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော်အနက် ၁၉၀ ကျော်က သမ္မတရဲ့ ကြေညာချက်ကို ကန့်ကွက်ခဲ့ကြပြီး စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီတောင်းဆိုမှုအပြီး နာရီပိုင်းအတွင်းမှာတင် သမ္မတဟာ သူ့ရဲ့ကြေညာချက်ကို ရုပ်သိမ်းခဲ့ရပါတယ်။ အခုဆိုရင် မာရှယ်လော ကြေညာပြီး အာဏာသိမ်းဖို့ကြိုးစားတဲ့ သမ္မတကို လွှတ်တော်ကနေ စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချနိုင်ခဲ့ပါပြီ။

တောင်ကိုရီးယား ဖွဲ့စည်းပုံဥပဒေရဲ့ အပိုင်း ၆၅ အရ သမ္မတအပါအဝင် ဘယ်အစိုးရအရာရှိကိုမဆို ဖွဲ့စည်းပုံဥပဒေ (ဝါ) ဥပဒေတွေကို တာဝန်ထမ်းဆောင်စဉ် ချိုးဖောက်ရင် ပြစ်တင်စွပ်စွဲနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီဥပဒေပါ ပြဋ္ဌာန်းချက်အရ သမ္မတကို ပြစ်တင်စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ Rule of Law လို့ခေါ်တဲ့ တရားဥပဒေအရ အုပ်ချုပ်မှုဟာ ဘယ်လောက်တောင် ခိုင်မာအားကောင်းလဲဆိုတာ အထင်းသား တွေ့မြင်နိုင်ပါတယ်။ ဖွဲ့စည်းပုံဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိဘူး ဆိုတာကို လက်တွေ့သက်သေမြင်လိုက်ရတာပဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ဥရောပတိုက်မှာဖြစ်ခဲ့တာ မဟုတ်ပါဘူး။ အာရှတိုက်မှာ ဖြစ်ခဲ့တာပါ။ တောင်ကိုရီးယားရဲ့ ဖြစ်ရပ်ကြောင့် ဟောဒီကမ္ဘာကြီးမှာ အင်အားကြီးတိုင်း အနိုင်ကျင့်ချင်သလို ကျင့်မရတဲ့၊ တရားမျှတမှုထွန်းကားတဲ့ လူ့အဖွဲ့အစည်းတွေ ရှိသေးပါလားဆိုပြီးလည်း အားတက်မိဝာာ အမှန်ပါပဲ။

တင်ဦး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013