မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်တိုက်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းအပြင် လျှပ်စစ်မီးမရလို့ အလုပ်ချိန်လျှော့ချလာပြီးတဲ့နောက် စက်မှုဇုန်အလုပ်သမားတွေ စားဝတ်နေရေး ပိုပြီးအကျပ်အတည်းတွေ ဖြစ်လာပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေက ၃ ဆလောက် ဆက်တိုက်မြင့်တက်လာပြီး ထောက်ပံ့ကြေးအဖြစ် ကျပ် ၂,၀၀၀ သာ တိုးမြင့်လာတဲ့အတွက် စက်မှုဇုန်အလုပ်သမားတွေမှာ အရင်ကထက်ပိုပြီး ကျပ်တည်းလာကြတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံ အလုပ်သမားရေးဌာနကနေ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာကို အနည်းဆုံးအခကြေးငွေ ကျပ် ၄,၈၀၀ သတ်မှတ်ထားပြီး ထောက်ပံ့ကြေးအဖြစ် ကျပ်ငွေ ၁,၀၀၀ကို တိုးမြှင့်သတ်မှတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်ကစပြီး ထောက်ပံ့ငွေ နောက်ထပ် ၁,၀၀၀ ကျပ် တိုးမြှင့်လိုက်တဲ့အတွက် တရက်တာ လုပ်ခလစာ အနိမ့်ဆုံး ၆,၈၀၀ ကျပ် ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီလုပ်ခလစာနှုန်းဟာ အခုကာလ ကုန်စျေးနှုန်းကြောင့် လောက်ငတဲ့ပမာဏကို မဟုတ်ဘူးလို့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးစက်မှုဇုန် ဖြစ်တဲ့ လှိုင်သာယာစက်မှုဇုန်က အထည်ချုပ် အလုပ်သမားယောက်က ပြောပါတယ်။
“အခု လုပ်အားခက ၆,၈၀၀ ဆိုတာ သမီးတို့ အိမ်မှာထွက်တာ ၂၀,၀၀၀ လောက်ထွက်တယ်။ သမီးတို့မှာ ဘယ်လိုမှ အဆင်မပြေဘူး။ သူတို့က ၆,၈၀၀ ပေးရင် သမီးတို့အိမ်မှာ ၂၀,၀၀၀ လောက်ထွက်တယ်။ အဲလိုထွက်နေတာ။ ကလေးတွေမုန့်ဖိုး၊ မီတာခ၊ အိမ်လခ၊ အကြွေးတွေလည်း ရှိတာပေါ့။ အကြွေးတွေနဲ့ပေါ့။”
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်း အဆမတန် တက်လာနေချိန် အလုပ်သမားတွေအတွက် တရက်တာ လုပ်ခလစာ အနိမ့်ဆုံး ၆,၈၀၀ ကျပ်အဖြစ် စစ်ကောင်စီက တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့ လက်တွေ့မှာ မပြေလည်နိုင်ခဲ့ပါဘူး။
လှိုင်သာယာစက်မှုဇုန်ထဲကို ကနောင်မင်းသားကြီးလမ်းအတိုင်း ဝင်လိုက်ရင်ဆိုရင်ပဲ လမ်းတလျှောက်လုံးမှာ မီးစက်သံတွေကို အဆက်မပြတ် ကြားနေရပါတယ်။ တနေ့တာ ၂၄ နာရီအချိန်မှာ စက်မှုဇုန်အတွင်း မီးပေးချိန် ၄ နာရီသာရှိပြီး အဲဒီ ၄ နာရီကလည်း အပြည့်အဝ မရရှိတဲ့အတွက် ဈေးကွက်ကို ကုန်စည်ဖြန့်ဖြူးရာမှာ ကြန့်ကြာမှုတွေရှိတယ်လို့ ဂျုံမှုန့်စက်ရုံ ဝန်ထမ်းတယောက်က ပြောပါတယ်။
“အားလုံးကတော့ အခက်အခဲအများကြီး ရှိကြတာချည်းပဲ၊ မီးနဲ့ပဲ အားကိုးပြီးတော့မှ သုံးစွဲမှုအပိုင်းမှာလည်း သုံးစွဲကြတာရှိသလို စက်ရုံတွေအပိုင်းမှာလည်း မီးနဲ့ပဲ အဓိက သုံးကြတာဆိုတော့ အခက်အခဲတွေ အများကြီးတွေ့ရတယ်။ အချိန်မီလုပ်ပေးနိုင်ဖို့ ဘာတို့ကျတော့ နှောင့်နှေးမှုတွေ၊ ကြန့်ကြာမှုတွေဖြစ်တယ်။”
စက်ရုံအလုပ်ရုံတွေမှာ အချိန်ပိုကြေးကပဲ အဆာပြေ လက်ဖက်ရည် ကော်ဖီဖိုးရဖို့ မျှော်လင့်စရာရှိပေမဲ့ လျှပ်စစ်မီးအပြည့်အဝမရတဲ့အတွက် စက်ရုံတွေမှာ အချိန်ပို မခေါ်နိုင်တော့ဘဲ ညနေ ၄ နာရီမှာ ပြန်လာကြပါတယ်။ ဒါကြောင့် စက်မှုဇုန်ကိုမှီခိုနေတဲ့ လက်ဖက်ရည်၊ ကော်ဖီ အဆာပြေဆိုင်တွေမှာလည်း ရောင်းအားတွေ ကျဆင်းလာတယ်လို့ ရောင်းချသူတယောက်က ပြောပါတယ်။
“ပါးတာပေါ့။ သူတို့ကလည်း OT မရှိတော့ ဝယ်မစားနိုင်ဘူး။ အရောင်းအဝယ်တွေက ကိုယ် ၅ သောင်းဖိုးရင်းရင် ၅ သောင်းဖိုးမရဘူး။ မရဘူးဆိုတာ ကိုယ့်ပစ္စည်းကလည်းပိုတယ်။ ကိုယ်က လပေးလည်းချရတယ်။ ၅ သောင်းဖိုးရင်းရင် ၃ သောင်းလောက်ပဲရတယ်။ အဲ့လို။ အမေတို့လည်း မတင်နိုင်တော့ဘူး။ ထပ်ထပ်ပြီးတော့။”
အခြေခံလုပ်သား အများစုရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်သမားတွေရဲ့ အခြေခံရပိုင်ခွင့် ခေါင်းပုံဖြတ်ခံရတာတွေဟာ ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းကာလ မတိုင်ခင်ကတည်းက ကြုံတွေ့နေရတာပါ။
ကိုဗစ်ကပ်ဘေးကနေ နာလန်ပြန်မထူနိုင်ချိန် စစ်အာဏာသိမ်းမှု ထပ်ပြီးကြုံတွေ့ရတာကြောင့် နောက်ဆက်တွဲ မတည်ငြိမ်မှုတွေနဲ့ လူမှုစီးပွား အကျပ်အတည်းတွေဟာ အောက်ခြေလုပ်သားတွေအတွက် ပိုပြီးထိခိုက်စေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေကလည်း ထောက်ပြထားပါတယ်။