ထိုင်းအရှေ့တောင်ပိုင်း၊ လယောင်းခရိုင်မှာ ဒီဇင်ဘာ ၁၈ ရက် မနက်က သံထည်စက်ရုံတခုတွင်း မီးလောင်ပေါက်ကွဲပြီး အလုပ်သမား ၅ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါစက်ရုံဟာ လယောင်းခရိုင်၊ ဘန့်ခိုက်မြို့နယ် နောင်လလော့ရပ်ကွက်ထဲမှာ တည်ရှိပြီး ဒီမနက် ၁၀ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဘန့်ခိုက်နယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ဘန့်ခိုက်မြို့နဲ့တကွ အနီးပတ်ဝန်းကျင်မြို့နယ်က မီးသတ်ကား စုစုပေါင်း ၈ စီး ရောက်လာပြီး မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးဝန်ထမ်း အင်အား ၆၀ ကျော်တို့ ဝိုင်းဝန်းမီးသတ်ရာမှာ မနက် ၁၁ နာရီခွဲလောက်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်။
မီးလောင်ခါစက စက်ရုံထဲမှာ အလုပ်သမား ၂၀ ကျော်ပိတ်မိနေပြီး သေဆုံးဒဏ်ရာ ရသူ ရှိကြောင်း သတင်းတွေထွက်ခဲ့ပေမဲ့ နောက်ပိုင်းသိရတာတော့ မပြင်းထန်တဲ့ဒဏ်ရာတွေသာ ရကြပြီး အလုပ်သမား ၅ ယောက်သာ အတွင်းလူနာအဖြစ် ဆေးရုံမှာ ကုသနေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
မီးစတင်လောင်ကျွမ်းတဲ့နေရာမှာ သံရည်ကျိုဘွိုင်လာအိုးကြီး ဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ စက်ရုံအပြင်မှာ ရပ်ထားတဲ့ ကုန်တင်ကားတစီး မီးလောင်သွားပြီး စက်ရုံထဲက ပျက်စီးဆုံးရှုံးမှုစာရင်းတွေတော့ မသိရသေးဘူးလို့ ဘန့်ခိုက်ရဲစခန်းက ပြောပါတယ်။
Source: TNEWS / ThaiPBS