Home
မြန်မာသတင်း
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် သွားမည်၊ မြန်မာ့အရေးဆွေးနွေးပွဲ ယခုသီတင်းပတ် ထိုင်းတွင် ကျင်းပမည် 
DVB
·
December 16, 2024
Photo: REUTERS/Chalinee Thirasupa

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆငဲမ်ဖုန်းဟာ လာမယ့် ဒီဇင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပြီး စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့တွေ့ဆုံကာ ဖမ်းဆီးခံ ထိုင်းငါးဖမ်းလှေ လုပ်သားတွေ လွတ်မြောက်ရေး ဆွေးနွေးဖို့ရှိတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ကလည်း မြန်မာစစ်ကောင်စီ ဒုဝန်ကြီးချုပ်နဲ့ရော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နဲ့ပါ ဆက်သွယ်စကားပြောဆိုခဲ့ပြီး  ထိုင်းနိုင်ငံသားတွေကို  တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကြောင့်သာ ပြန်လွှတ်ဖို့ ကြန့်ကြာနေတာဖြစ်တဲ့အကြောင်းနဲ့ တခြားကိစ္စမရှိတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးခံထားရတာ ၂ ပတ် ကြာရှိနေပြီဖြစ်တဲ့ ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းနဲ့ မြန်နိုင်သမျှ အမြန်ဆုံး ပြန်လွတ်လာစေချင်တဲ့ ဆန္ဒရှိကြောင်း ထိုင်းဝန်ကြီးချုပ်က မြန်မာသံအမတ်ကို သတင်းစကားပါးခဲ့တယ်လို့ သိရပါတယ်။ 

နိုဝင်ဘာ ၃၀ ရက်က ရနောင်းကမ်းရိုးတန်းအလွန် မြန်မာ့ရေပြင်မှာ ထိုင်းငါးဖမ်းလှေတွေကို မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးမှုဖြစ်စဉ်မှာ ထိုင်းနိုင်ငံသား တယောက် သေဆုံးပြီး  ထိုင်းငါးဖမ်းသမား ၄ ယောက်ကတော့ ပြန်မလွတ်သေးဘဲ ကော့သောင်းမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့ရေးနဲ့ပတ်သက်လို့ အလွတ်သဘော ဆွေးနွေးပွဲတရပ်ကို အခုသီတင်းပတ် သောကြာနေ့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေပြီး စစ်ကောင်စီကိုယ်စားလှယ်  အနည်းဆုံး  တယောက် ပါဝင်တက်ရောက်မယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာဘက်က ကိုယ်စားလှယ်အပြင် မြန်မာနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ် ဘာလန်ကူရာက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဆင့် မြန်မာ့အရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆငဲမ်ဖုန်းက ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ထဲက စိတ်ဝင်စားတဲ့နိုင်ငံတွေ ပါဝင်မှာဖြစ်တယ်၊ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆွေးနွေးမယ်လို့လည်း နီကွန်ဒက်ဂျ် ပြောပါတယ်။

ဒီအစည်းအဝေးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်လို့လည်း အင်ဒိုနီးရှား အစိုးရက ပြောပါတယ်။ မြန်မာနိုင်ငံက ဘယ်ကိုယ်စားလှယ် ဘယ်အဆင့် တက်မယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက အကျပ်အတည်းဆိုက်နေတဲ့ မြန်မာနိုင်ငံကို ပဋိပက္ခထဲကနေ ထွက်ပေါက်လမ်းရှာဖွေဖို့ ရည်ရွယ်တဲ့ အလွတ်သဘောဆွေးနွေးပွဲတခု ဒီဇင်ဘာလမှာ ကျင်းပဖို့ ထိုင်းဝန်ကြီးချုပ်က ပြီးခဲ့တဲ့ အောက်တိုဘာလ  လာအိုမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အဆိုပြုခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့ အာဆီယံ  အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၊ လက်ရှိ  ဥက္ကဋ္ဌ လာအိုနဲ့ လာမယ့်နှစ်  အလှည့်ကျဥက္ကဋ္ဌ  မလေးရှားနိုင်ငံတို့ ပါဝင်ဖို့လည်း အကြံပြုထားတာပါ။ 

၂၀၂၅ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမယ့် မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်သွားဖို့ လုပ်ဆောင်သွားမယ်လို့ ကတိပြု ပြောပါတယ်။  

အာဆီယံရဲ့ ရှေ့တန်းမှာ မြန်မာ ပြန်လည်ပါဝင်လာအောင် မတူညီတဲ့အဆင့်တွေမှာ အလွတ်သဘော ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ မလေးရှား ဝန်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ်နဲ့အတူ ပူးတွဲပြုလုပ်တဲ့ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

မလေးရှားနိုင်ငံကို ၂ ရက်ကြာ တရားဝင်ခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ဟာ ဒီဇင်ဘာ ၁၆ ရက်က မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်မ်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ပဋိပက္ခနဲ့ တောင်တရုတ်ပင်လယ် အငြင်းပွားမှုအပေါ် မျှဝေထားတဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။

“မြန်မာနိုင်ငံ ပါဝင်လာတာ သေချာစေရေးနဲ့ အာဆီယံ ရှေ့မှောက်ကို မြန်မာနိုင်ငံ  ပြန်လည်ရောက်ရှိစေရေး မတူညီတဲ့ အဆင့်တွေမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးရင်း  တိုင်းတာဆောင်ရွက်နေပါတယ်” လို့ ကွာလာလမ်ပူမြို့တော်မှာ ကျင်းပတဲ့ ဖဲထောင်းထန်းနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အန်နဝါက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အာဆီယံဟာ မြန်မာနိုင်ငံထဲက နိုင်ငံရေးနဲ့မဆိုင်တဲ့ ကိုယ်စားလှယ်တွေကို ဒေသတွင်း ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွေအတွက်သာ ဖိတ်ကြားခြင်းအားဖြင့် မြန်မာစစ်ခေါင်းဆောင်တွေကို ရှုတ်ချခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံအားလုံးနဲ့ ဆက်ဆံရေး ထိန်းသိမ်းထားတာနဲ့ တချိန်တည်းမှာ ကုလသမဂ္ဂရဲ့ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေများ သဘောတူညီချက် UNCLOS ကို လေးစားလိုက်နာရင်း တောင်တရုတ်ပင်လယ်အရေးမှာ ဘုံရပ်တည်ချက်ရှိတယ်လို့ အန်နဝါက ပြောခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ဟာ ဒီဇင်ဘာ ၁၆ ရက်က ပါဒါနာ ပူထရာ ခန်းမမှာ ကျင်းပတဲ့ တရားဝင် ကြိုဆိုခြင်း အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။

အခုနှစ် သြဂုတ်လမှာ ရာထူးတာဝန်ယူပြီးတဲ့နောက် ပထမဆုံး မလေးရှားခရီးစဉ်အတွက် တနင်္ဂနွေမှာ ရောက်လာတဲ့ ဖဲထောင်းထန်းကို မလေးရှား၀န်ကြီးချုပ် ဒါတွတ်စရီ အန်နဝါ အီဘရာဟင်မ်က လက်ခံတွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံ ဝန်ကြီးချုပ်တွေ တွေ့ဆုံမှုဟာ နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ဖို့၊ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်တွေ ရှာဖို့နဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။

၇ ကြိမ်မြောက် နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးပွဲ အပြီးမှာ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ရော်ဘာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့ အပါအဝင် ယဉ်ကျေးမှု၊ အနုပညာနဲ့ အမွေအနှစ်များဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) နှစ်ရပ် ဖလှယ်တာကို သက်သေပြုဖို့ စီစဉ်ထားကြပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ အာဆီယံဒေသတွင်း ရင်းနှီးတဲ့ အိမ်နီးချင်းတွေနဲ့ မိတ်ဖက်တွေအဖြစ် မလေးရှားနဲ့ ထိုင်းနိုင်ငံတို့အကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို အလေးပေး ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံဟာ မလေးရှားရဲ့ ဆဋ္ဌမမြောက် အကြီးဆုံးနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနက် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ခဲ့ပြီး ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၃ ဘီလီယံ ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအတွင်း နှစ်နိုင်ငံကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅ ဘီလီယံထိ ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလက နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၉ ဘီလီယံကို ကျော်လွန်ခဲ့ပါတယ်။

Source: Bangkokpost/Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024