Home
မြန်မာသတင်း
ထိုင်းဖျော်ဖြေပွဲတွင် ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကို  KNU ကန့်ကွက်ရှုတ်ချ 
DVB
·
December 15, 2024
Photo: AEC THAI NEWS

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ထဲက အုန်းဖန်မြို့နယ်ထဲက ဖျော်ဖြေပွဲမှာ ဗုံးနဲ့ပစ်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်ကို လက်မခံတဲ့အကြောင်းနဲ့ ကျူးလွန်သူတွေကို ကန့်ကွက်ရှုတ်ချတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဒီဇင်ဘာ ၁၄ ရက်မှာထုတ်ပြန်ကြေညာပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ည ၁၁ နာရီခွဲလောက်က နှစ်ကျင်းပတဲ့ Doi Loyfa ပွဲတော် ဖျော်ဖြေပွဲမှာ လက်ပစ်ဗုံးနဲ့ ပစ်သွင်းခဲ့တာကြောင့် အနည်းဆုံးလူ ၃ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာခဲ့တာဖြစ်ပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ရပါကြောင်းလည်း ‌KNU ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေရဲ့ အမှုမှန်ဖေါ်ထုတ်ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုအတွက် သံသယရှိ ဖမ်းဆီးခံရသူ ၂ ယောက်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တယောက် ပါဝင်နေတယ်လို့  ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာမှာ ရေးသား ဖော်ပြပါတယ်။

ဗုံးပေါက်ကွဲမှုမှာ  သံသယရှိတဲ့ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် ဆယ်ကျော်သက် ၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ အုန်းဖန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဗိုလ်မှူးကြီးစူပါကွန် ဖိဖတ်ဖင်မ်ဖာက ပြောပါတယ်။

လက်ပစ်ဗုံးကိုတော့ ဒေသခံတွေ လာရောက်ကြည့်ရှုနေကြတဲ့ အကစင်မြင့်ရှေ့ကို ပစ် သွင်းခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြကာ မြေပြင်ပေါ် လဲကျခဲ့ကြတယ်လို့လည်း မျက်မြင်သက်သေတွေက ပြောပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ဒုတိယဗိုလ်ချုပ်ကြီး အာချရွန် ကရိုင်ထောင်က လက်ပစ်ဗုံးနဲ့ တိုက်ခိုက်မှုမှာ လူ ၃ ယောက် သေဆုံးပြီး အဲဒီထဲက ၂ ယောက်က ပွဲချင်းပြီး သေဆုံး ကာ ၄၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ ဒီတိုက်ခိုက်မှုမှာ သံသယရှိတဲ့ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးထားပြီး တယောက်ကတော့ ထိုင်းနိုင်ငံသားဖြစ်ကာ နောက်တယောက်ကတော့ KNU တပ်ဖွဲ့ဝင်တယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

စုံစမ်းမေးမြန်းချက်တွေအရ အဆိုပါ KNU တပ်ဖွဲ့ဝင်ဟာ အခုနှစ် ဖေဖော်ဝါရီလတုန်းက လည်း မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီမတိုင်ခင်က ဆယ်ကျော်သက်လူငယ်အုပ်စုတွေကြား ရန်ငြိုးရန်စကြောင့် ဒီပွဲမှာ ဖောက်ခွဲဖို့ ရည်ရွယ်ပြီး ပစ္စည်းတွေသယ်လာတဲ့ အိတ်ကိုယူလာခဲ့တယ်လို့ KNU တပ်ဖွဲ့ဝင်လူငယ်က ပြောပြီး အဲဒီရန်ငြိုးရန်စဟာ ပြီးခဲ့တဲ့ ဆုန်ကရန်ပွဲတော်ကာလတုန်းက ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

KNU ဘက်ကတော့ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုဝင် တွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသလို အဖွဲ့အစည်းအနေနဲ့ ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေကို လက်မခံသလို ပြုလုပ်သူတွေကို ကန့်ကွက် ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရအာဏာပိုင်တွေရဲ့ အမှုမှန်ဖော်ထုတ်ရေး လုပ်ငန်းစဉ်တွေမှာ KNU ကပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

အုန်းဖန်မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ ဖျော်ဖြေပွဲ Red Cross Doi Loyfa fair ကိုတော့ ဒီဇင်ဘာ ၈ ရက်ကနေ ၁၄ ရက်အထိ ကျင်းပနေတာဖြစ်ပြီးတော့ လူ ၈,၀၀၀ နဲ့ ၉,၀၀၀ ကြား ပါဝင် ဆင်နွှဲကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013