ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ထောင်းဖာဖူးမြို့နယ်ထဲမှာ မလေးရှားနိုင်ငံကို ဆက် သွားမယ့် တရားမဝင် မြန်မာနိုင်ငံသား ၈၄ ယောက်ကို ဖမ်းဆီးရမိတယ်လို့ Naewna ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင်ရှေ့က ဆန်ခလပူရီမြို့နယ်ထဲကနေ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းပေးပို့ချက်ရထားတဲ့အတွက် ထောင်းဖာဖူးမြို့နယ် အုပ်ချုပ်ရေးရုံး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ နယ်မြေခံရဲ၊ လဝကရဲ၊ နယ်ခြားစောင့်တပ်၊ ကျေးရွာလုံခြုံရေး စတဲ့ ပူးပေါင်းအဖွဲ့ဝင်တွေဟာ နယ်မြေထဲ ကွင်းဆင်းပြီး လူစုခွဲစောင့်ကြပ်စစ်ဆေး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၁ ရက် မနက် ၁ နာရီလောက်မှာတော့ ထောင်းဖာဖူးမြို့နယ်၊ ဟွေ့ခယိန်အုပ်စု ခနွန်ခိရွာအနီး တောလမ်းတနေရာမှာ လမ်းကိုပိတ်ပြီးရပ်ထားတဲ့ မသင်္ကာဖွယ် မီးခိုးရောင် အီဇူးစူး ဟိုင်းလပ်စ်ကားတစီး တွေ့ရတယ်၊ ကားနောက်ခန်းမှာ အထုပ်အပိုးတွေရှိပြီး ယာဉ်မောင်းကိုတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက အနီးနားတဝိုက် လိုက်လံစစ်ဆေးရှာဖွေရာမှာတော့ တောထဲ ပုန်းအောင်းနေတဲ့လူတွေ တွေ့ရပြီး သူတို့မှာ ထိုင်းဘာသာစကားလည်း မတတ်၊ အထောက်အထားလည်း မရှိတာကြောင့် တရားမဝင် ဝင်ရောက်လာသူတွေဆိုတာ သိရတယ်၊ စကားပြန်ကိုခေါ်ပြီး ပုန်းနေသူတွေ ထွက်လာကြဖို့ အသံချဲ့စက်နဲ့ အော်ဟစ်သတိပေးတယ်။
အဲဒီနောက် အသီးသီးထွက်လာကြပြီး စုစုပေါင်း ၈၄ ဦးရှိတယ်။ သူတို့ဟာ မြန်မာပြည် ရခိုင်ပြည်နယ်ဘက်က လာကြတာလို့ ပြောပါတယ်။ ဦးတည်ရာမှာ မလေးရှားနိုင်ငံကို သွားဖို့ဖြစ်ပြီး ပွဲစားကို တယောက် ဘတ် ၇၅၀၀၀ လောက်ပေးရတယ်၊ လမ်းပြအဆင့်ဆင့်က သူတို့ကို ဘုရားသုံးဆူ တောလမ်းကနေ ထိုင်းထဲ ခေါ်ဝင်လာတယ်၊ လှေ ၄ စီးနဲ့ ချောင်းရေကိုလည်း ဖြတ်ခဲ့ရတယ်၊ အဖမ်းခံရတဲ့နေရာမှာ ကားလာကြိုတော့ ကားပေါ် အထုပ်တွေတင်ပြီး တက်ဖို့ပြင်လိုက်စဉ် ယာဉ်မောင်းသမားက တာဝန်ရှိသူတွေကို လှမ်းတွေ့တော့ သူတို့တွေကို ပစ်ထားပြီး မှောင်ရိပ်ခိုကာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ထွက်ပြေးသွားတဲ့ ကားသမားကို အရေးယူဖို့ လိုက်လံ စုံစမ်းရှာဖွေနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Naewna