Home
မြန်မာသတင်း
‘ဝ’ နှင့် ထိုင်း ရန်သူမဟုတ်ကြောင်း UWSA ထုတ်ပြန်  
DVB
·
December 10, 2024

ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ ပိုင်းမြို့နယ်ထဲမှာ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ‘ဝ’ တပ်ဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ကြား နယ်မြေအငြင်းပွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ‘ဝ’ တပ်ဖွဲ့ဘက်က ဒီဇင်ဘာ ၈ ရက်နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ 

ထိုင်း၊ တရုတ်နဲ့ အင်္ဂလိပ် ၃ ဘာသာနဲ့ ထုတ်ပြန်ထားတဲ့ အဆိုပါကြေညာချက်ထဲမှာ နယ်စပ်ဒေသနဲ့ပတ်သက်ပြီး ထိုင်းစစ်တပ်နဲ့ ‘ဝ’ စစ်တပ်တို့ စစ်ရေးတင်းမာနေတယ်လို့ မီဒီယာတွေက မဟုတ်မမှန် ထုတ်လွှင့်ခဲ့ပြီး ပဋိပက္ခဖန်တီးတဲ့ပေါ်မှာ ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။ 

‘ဝ’ စစ်တပ်ဟာ ထိုင်းစစ်တပ်ရဲ့ ရန်သူမဟုတ်ဘူး၊ လက်ရှိ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့ဟာ ငြိမ်းချမ်းရေးသာလျှင် အဓိကဖြစ်တယ်၊ ‘ဝ’ တပ်ဖွဲ့အနေနဲ့လည်း ငြိမ်းချမ်းရေးကိုသာ လိုလားတယ်။ ပြည်သူလူထုတွေအနေနဲ့လည်း သတင်းတု သတင်းမှားတွေကို သတိထားကာ ဆန်းစစ်ပြီးမှ ယုံကြည်ဖို့လည်း တိုက်တွန်းထားပါတယ်။ 

UWSA ‘ဝ’ တပ်ဖွဲ့ဟာ မယ်ဟောင်ဆောင်ခရိုင် ပိုင်းမြို့နယ်တွင်းရှိ ဟိုမနဲ့ နောင်လုံဒေသ၊ ပန်မဖာ့မြို့နယ်ရှိ ခိုင်းလုံဒေသနဲ့ ချင်းဒေါင်းမြို့နယ်တို့မှာ တပ်စခန်းပေါင်း ၇ နေရာ ကျူးကျော်ဝင်ရောက်ထားတာ တွေ့ရှိလို့ ဒီ ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ထိုင်းတော်ဝင်စစ်တပ် တာဝန်ရှိသူတွေက တောင်ပိုင်း ‘ဝ’ တပ်ဖွဲ့ ကိုယ်စားလှယ်တွေကို ခေါ်ယူသတိပေးထားပါတယ်။ 

သတိပေးတဲ့ရက် မတိုင်ခင်ကြားထဲ  ထိုင်းစစ်တပ်ရော၊ ‘ဝ’ စစ်တပ်ဘက်ကပါ နှစ်ဖက်လုံး လက်နက်ကြီးတွေ အသင့်ပြင်ထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး အမှတ် ၃ စစ်တိုင်းဒေသ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရုန့်ခွန်း မဟာပန်းယားဝုန်းက မယ်ဟောင်ဆောင်‌ဒေသ အခြေအနေတည်ငြိမ်မှု ရှိနေတယ်၊ သူတို့အနေနဲ့ ၁၉၂၆ ကီလိုမီတာရှည်လျားသော ထိုင်း-မြန်မာနယ်စပ်ဒေသကို တာဝန်ယူရတာ ဖြစ်တယ်၊ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဒေသတွင်းရှိ ပြည်သူလူထု ဘေးကင်းလုံခြုံရေး၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင် ဝင်‌ရောက်မှုတွေကို ဥပဒေနဲ့အညီ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်နေတယ်။

နယ်စပ်ရေးရာကိစ္စတွေမှာ မယ်ဟောင်ဆောင်နဲ့ လွိုင်ကော်ကြား၊ မယ်ဆိုင်နဲ့ တာချီလိတ်မြို့နယ်ကြား   မြို့နယ်အဆင့်ကော်မတီ TBC နဲ့ရော၊ ဒေသတွင်းအဆင့် ကော်မတီ RBC၊ အဆင့်မြင့်အရာရှိကြီးများအဆင့် HLC အနေနဲ့ပါ အမြဲပူးပေါင်းဆောင်ရွက်နေတယ်၊ နှစ်ဖက်နိုင်ငံ ပုံမှန်ဆက်ဆံရေးရှိနေတယ်လို့  နိုဝင်ဘာ ၂၇ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လက်ရှိ အငြင်းပွားနေတဲ့ဒေသဟာ မြန်မာဘက်ခြမ်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်ထဲမှာ တည်ရှိပါတယ်၊ မိုင်းဆတ်ခရိုင်ဟာ အရင်က ဦးခွန်ဆာ ခေါင်းဆောင်တဲ့ MTA တပ်ဖွဲ့က လှုပ်ရှားခဲ့ပါတယ်။

MTA လက်နက်ချပြီးနောက် RCSS/SSA  ရှမ်းတပ်က ဆက်လက်လှုပ်ရှားခဲ့ပါတယ်။ MTA နဲ့ RCSS ကို နှိမ်နင်းဖို့ မြန်မာစစ်တပ်က ရှမ်းမြောက်ဒေသရှိ ‘ဝ’ တပ်ဖွဲ့ကို စစ်ရေး အကူအညီတောင်းခဲ့ပါတယ်။ အဲဒီနောက် နဝတအစိုးရလက်ထက်မှာ ဗိုလ်ချုပ်ခင်ညွန့်က ‘ဝ’ တပ်ဖွဲ့ အင်အား သောင်းဂဏန်းကို တောင်ပိုင်းဒေသကို  ‌ပြောင်းရွှေ့နေရာချထားခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှာ UWSA ‘ဝ’ တပ်ဖွဲ့မှ စစ်ဒေသ ၁၇၁ လို့ သတ်မှတ်ပြီး အင်အားတိုးချဲ့ကာ စစ်စခန်းတွေ အခိုင်အမာ တည်ဆောက်နေထိုင်လာခဲ့တာ ဖြစ်ပါတယ်။ 

Source: PPTV HD 36 / Bright TV News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013