Home
မြန်မာသတင်း
အလုပ်သမားကတ် သက်တမ်းတိုးခ မတရားကောက်ခံသဖြင့် ထိုင်းရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ 
DVB
·
December 5, 2024
Photo: Ko Ye Min

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဘန်ဖရီမြို့နယ်ရှိ မော်တော်ကားအပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံတရုံမှာ အလုပ်သမားလက်မှတ် သက်တမ်းတိုးခတွေ မတရားကောက်ခံတဲ့အတွက် မြန်မာလုပ်သား ၄၀၀ ကျော် ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားကတ်သက်တမ်းတိုးခမှာ အစိုးရ သတ်မှတ်ထားတဲ့အတိုင်းဆိုရင် ဘတ် ၃၉၀၀  ခန့်သာ ကုန်ကျပေမဲ့ အဆိုပါကားပစ္စည်းစက်ရုံကတော့ အလုပ်သမားတယောက်ကို ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ အထိ ကောက်ခံနေတာကြောင့် ဆန္ဒပြကြတာလို့ လက်တွဲကူညီ AAC အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက DVB ကို ပြောပါတယ်။

“သူတို့ပြဿနာစဖြစ်တာက ဒီဇင်ဘာ ၃ ရက်ကပါ၊ ဒီဇင်ဘာ ၄ ရက်မနက်ပိုင်းမှာ ဆန္ဒပြပြီး ညနေပိုင်းမှာ ကုမ္ပဏီတာဝန်ရှိသူက လာပြီးဖြေရှင်းပေးတော့ ပြေလည်မှုရသွားတယ်။ အဲဒီလို ပိုက်ဆံအများကြီးကောက်တာဟာ အောက်ခြေဝန်ထမ်းနဲ့ အလုပ်သမားကြီးကြပ်သူ တချို့ပဲ လုပ်တာ၊ ကုမ္ပဏီက မသိရဘူး၊  အလုပ်သမားတွေ တတ်နိုင်တဲ့ အဖိုးအခနဲ့ လုပ်ပေးသွားမယ် ဆိုတော့ အလုပ်သမားတွေလည်း ကျေနပ်သွားတယ်၊ ဘယ်လောက် ကုန်ကျမလဲတော့ မသိသေးဘူးတဲ့။”

လက်ရှိ ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူတွေဟာ လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစ သက်တမ်းတိုးရမှာဖြစ်ပေမဲ့ တချို့ပွဲစားနဲ့ အေးဂျင့်တွေက ခုကတည်းက ငွေကြိုတင်ကောက်ခံနေတာပါ။

အလုပ်သမားတွေဟာ မိမိဘာသာ သက်တမ်းသွားတိုးရင် အစိုးရသတ်မှတ်နှုန်းထားနဲ့သာ ကုန်ကျပေမဲ့ ဘာသာစကား အခက်အခဲ၊ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်နဲ့ ရုံးကို ခဏခဏ သွားရပြီး အလုပ်ပျက်အကိုင်ပျက်တာတွေကြောင့် ပွဲစားတွေ/အေးဂျင့်တွေနဲ့ လုပ်ဆောင်နေကြတယ်၊  ကုန်ကျငွေ ၂ ဆလောက် ပေးရရင်လည်း အလုပ်သမားတွေ လက်ခံလို့ ရသေးတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ် အဖွဲ့ ထူထောင်သူ ကိုရဲမင်းကလည်း “အလုပ်သမားတွေ တိုင်ကြားလာတော့ မကျေနပ်တာရှိရင် အကြမ်းမဖက်ဘဲ အေးဆေးစွာတောင်းဆိုဖို့၊ တာဝန်အရှိဆုံးလူတွေနဲ့ တိုက်ရိုက်ပြောဆိုတိုင်တန်းဖို့၊ အရေးကြီးဆုံးက အချင်းချင်း ညီညီညွတ်ညွတ် လုပ်ဆောင်ဖို့ အကြံပြုခဲ့တယ်။ အခုလို ကုမ္ပဏီဘက်က လိုက်လျောပေးတာဟာလည်း အလုပ်သမားတွေရဲ့ စည်းလုံးညီညွတ်မှု‌ကြောင့်ပဲ”လို့  DVB ကို ပြောပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာ လုပ်ငန်းခွင်တွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ ပတ်သက်ပြီး  စည်းလုံးညီညွတ်စွာ တောင်းဆိုခဲ့ကြလို့ အလုပ်ရှင်ဘက်က ပြေလည်အောင် ဖြေရှင်းပေးခဲ့တဲ့ ဖြစ်ရပ်ပေါင်း ၁၀ ကြိမ်ထက်မနည်းရှိတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013