ထိုင်းနိုင်ငံ၊ စမွတ်စခွန်းခရိုင် ဖရလမ်းဆောင်လမ်းမကြီးပေါ်က ဆောက်လုပ်ဆဲ မိုးပျံတံတား ပြို ကျမှုမှာ သေဆုံးခဲ့ရတဲ့ မြန်မာလုပ်သား ၄ ယောက်ရဲ့ အလောင်းကို ဒီဇင်ဘာ ၁ ရက်နဲ့ ဒီကနေ့ ဒီဇင်ဘာ ၂ ရက်မှာ မီးသင်္ဂြိုဟ်လိုက်ပါတယ်။
သေဆုံးသူတွေရဲ့ အသုဘကို စမွတ်စခွန်းမြို့ ထာ့ဆိုင်းရပ်ကွက် ဝပ်ဆီမိုင်း ဘုန်းကြီးကျောင်းမှာ ကျင်းပပြီး မနေ့က ကိုဧရာ (၂၇ နှစ်)၊ ကိုသိန်းဌေး (၃၉ နှစ်) နဲ့ ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ ချစ်ကိုကို (၃၅ နှစ်) နဲ့ ဖြိုးကိုကို (၃၈ နှစ်) တို့ရဲ့ အလောင်းတွေကို မီးသင်္ဂြိုဟ်ခဲ့တယ်၊ သေဆုံးဒဏ်ရာရတဲ့ထဲမှာ မိသားစုဝင်တခုတည်းက ၃ ယောက်ပါတယ်လို့ အလုပ်သမားနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကြား ဘာသာပြန်ဆောင်ရွက်ပေးသူ ခွန်အဒီးဆွန်ဖဒီက DVB ကို ပြောပါတယ်။
“ဒီတံတားပြိုတဲ့ထဲမှာ မိသားတစုတည်းတင် ၃ ယောက် ပါတယ်ခင်ဗျ၊ ညီအစ်ကို ၃ ယောက်ပါ: ချစ်ကိုကိုနဲ့ ဖြိုးကိုကိုက ဆုံးသွားပြီး နန်းကိုကိုက ခြေထောက်ကျိုးသွားတယ်၊ သူတို့မိသားစုဝင် နောက်တယောက်က အခင်းဖြစ်ချိန် ရေအိမ်သွားတက်နေလို့ လွတ်သွားတာ၊ မိဘတွေက မြန် မာပြည် ရန်ကုန်တိုင်းဘက်မှာ၊ မလာနိုင်ကြဘူး။”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက် မနက် ၄ နာရီလောက်က ဖရလမ်းဆောင်လမ်းမကြီးပေါ်ရှိ မိုးပျံတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဝန်ချီစက်နဲ့ ဘိလပ်မြေတွေ အပေါ်ကို ပို့ဆောင်ပေးနေစဉ် တံတားပေါ် ယိုင်နဲ့ ကျိုးကျလာလို့ အဲဒီမှာ အလုပ်လုပ်နေတဲ့သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ကြတာပါ။
အခင်းဖြစ်တဲ့နေရာမှာ ထိုင်းအလုပ်သမားတယောက်နဲ့ မြန်မာအလုပ်သမားတယောက် ပွဲချင်းပြီး သေဆုံးပြီး ၂ ယောက်က အုတ်ပုံတွေကြား ပျောက်ဆုံးနေတယ်၊ ၁၁ ယောက် ဒဏ်ရာရပြီး အဲဒီထဲမှာ ထိုင်း ၅ ယောက်၊ မြန်မာ ၆ ယောက် ဆေးရုံပို့ရတယ်၊ ဆေးရုံမှာ ထိုင်း ၁ ယောက် ထပ်ဆုံးတယ်။ ပျောက်ဆုံးသူ ၂ ယောက်ရဲ့ အလောင်းကို နေ့ခင်းပိုင်းမှာ ရှာဖွေတွေ့ရှိတယ်၊ ၂ ယောက်လုံး မြန်မာလုပ်သားတွေလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒါကြောင့် ဒီဖြစ်စဉ်မှာ မြန်မာ ၄ ယောက်နဲ့ ထိုင်း ၂ ယောက် စုစုပေါင်း ၆ ယောက် သေဆုံးခဲ့တယ်။ သေဆုံးသူတွေအတွက် ဆောက်လုပ်ရေးကုမ္ပဏီဘက်က တဦးလျှင် ဘတ် ၁၀ သိန်းစီ နစ်နာကြေးပေးဖို့နဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့လည်း ကျန်ရစ်သူမိသားစုအတွက် နစ်နာကြေး တဦးလျှင် ဘတ် ၃၄၀၀၀ ရရှိမယ်လို့ ထိုင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီး နိုင်းဆူရိယ ကျစ်ရုန့်ရိန်းကစ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် ပကန်ဆန်ခုံး လို့ခေါ်တဲ့ လူမှုဖူလုံရေးရန်ပုံငွေ ထည့်ဝင်ထားပါက အသုဘစရိတ် ဘတ် ၅၀,၀၀၀ စီနဲ့ လုပ်ငန်းခွင်မတော်တဆထိခိုက်မှု နစ်နာကြေးမှာတော့ လုပ်အားခရဲ့ ၇၀ ရာခိုင်နှုန်း ရရှိမှာဖြစ်တယ်၊ ဒီနစ်နာကြေးကတော့ လုပ်သက်ပေါ်မူတည်ပြီး တဦးနဲ့တဦး ကွာခြားမှု ရှိမယ်လို့ ဆိုပါတယ်။
ဒီလို မတော်တဆထိခိုက်နစ်နာကြေးဟာ ထိုင်းနိုင်ငံသား အလုပ်သမားတွေအတွက် ပြဿနာမရှိပေမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေအနေနဲ့တော့ ထုတ်ယူဖို့ အခက်အခဲရှိတယ်။ အထောက်အထားမပြည့်စုံတဲ့ ပြဿနာ၊ နစ်နာကြေးဆက်ခံမယ့်သူနဲ့ တော်စပ်ပုံ အထောက်အထား၊ ဥပမာ ခင်ပွန်းဖြစ်သူ သေဆုံးက ဇနီးဆက်ခံမယ်ဆိုရင် တရားဝင်လက်ထပ်စာချုပ် စသဖြင့် လိုအပ်တယ်။
မြန်မာပြည်က ကိုယ်ရေးကိုယ်တာ သက်သေအထောက်အထားတွေ ပြုလုပ်ပေးရာမှာ နိုင်ငံခြားလို စနစ်တကျမရှိတာကြောင့် စစ်ဆေးရခက်ခဲတယ်၊ မိမိနိုင်ငံသားတွေအနေနဲ့လည်း အထောက်အထား ပြည့်ပြည့်စုံစုံ ပြင်ဆင်လေ့မရှိဘူး၊ တရားမဝင် ဝင်လာရင် ပိုဆိုးတယ်၊ အထောက်အထားမပြည့်စုံ (ဘာမှမရှိလို့) လျော်ကြေးမရတာတွေလည်း ရှိတယ်၊ ရအောင်လုပ်ဖို့ လုပ်ငန်းစဉ်အဆင့်ဆင့် အချိန်ကုန်ခံ လိုက်လုပ်ရတယ်။ မြန်မာပြည်က ဆွေမျိုးတွေ နိုင်ငံခြားထွက်လာဖို့ အခက်အခဲရှိတယ်၊ ဒီဖြစ်စဉ်မှာ သေကျေဒဏ်ရာရတဲ့ မြန်မာလုပ်သားတွေအတွက် အားကိုးရာမှာ ဘန်ကောက်မြန်မာသံရုံးက ထောက်ခံပေးဖို့ပါပဲ၊ အလုပ်သမားသံအရာရှိတွေ ရောက်လာပေမဲ့ ဘယ်လို ကူညီဆောင်ရွက်ပေးမယ်ဆိုတာ မသိရသေးဘူးလို့ ခွန်အဒီးဆွန်ဖဒီက ပြောသွားပါတယ်။