“ရဲက ကျနော့်ဖုန်းယူစစ်တာ အကြာဆုံးပဲ။ ရဲတွေ အဆောင်ကို ရောက်လာလာချင်း ဆိုက်ထဲကညီကို ဖုန်းဆက်ပြီး လှမ်းပြောမိတာ။ အဆောင်မှာ ရဲတွေရောက်လာတဲ့အကြောင်း ဆိုက်ထဲ အလုပ်လုပ်နေသူတွေ သိသွားကြတာ။”
ကိုအန်တိုက အဲဒီနေ့ကဖြစ်စဉ်ကို ပြောပြပါတယ်။ ထိုင်းနိုင်ငံ ချွန်ပူရီမြို့မှာ အထောက်အထားမရှိဘဲ အလုပ်လုပ်နေတဲ့ ခြောက်လကျော်အတွင်း နေတဲ့အဆောင်ကို ရဲတွေ ပထမဆုံး ရောက်လာတာ ဖြစ်ပါတယ်။
ထိုင်းရဲတွေက ရောက်လာလာချင်း လူစစ်တယ်။ အဆောင်မှာ ဘယ်နှစ်ယောက်ရှိလဲ။ တခန်းကို ဘယ်နှစ်ယောက်နေလဲ ဆိုတာတွေ မေးတယ်။ ပြီးတော့ ရဲက မန်နေဂျာကို ခေါ်ခိုင်းတယ်။ သွားခေါ်ပေမဲ့ မန်နေဂျာက ထွက်မလာဘူး။ အကြောင်းကတော့ ဆိုက်ထဲမှာ အလုပ်လုပ်နေတဲ့အချိန် မိရင် ပြောလို့ရတယ်။ အခုက အဆောင်မှာမိတာဖြစ်လို့ ပြောလို့မရဘူး ဆိုတာကို ရဲအဖမ်းခံရပြီး ပြန်လွတ်လာတော့မှ ကိုအန်တိုတို့ သိရတယ်။
“မန်နေဂျာ ထွက်မလာတော့ ရဲက ကားပေါ်တက်ခိုင်းတယ်။ ကားပေါ်ရောက်ရောက်ချင်း ဖုန်းတွေအကုန်သိမ်းလိုက်တယ်” လို့ ကိုအန်တိုက ပြောပြပါတယ်။ ရဲက မန်နေဂျာကို ခေါ်ခိုင်းတဲ့အချိန်မှာ မန်နေဂျာ ထွက်လာမလားလို့ မျှော်လင့်တကြီး စောင့်ခဲ့ရတဲ့အကြောင်း ရင်ဖွင့် ပြောပြပါသေးတယ်။
ကိုအန်တိုတို့ အလုပ်သမားတွေ ထားတဲ့ အဆောင်ကို ပထမဆုံး ရဲနှစ်ယောက် ရောက်လာပြီး ခဏအကြာမှာ ရဲသုံးယောက် ထပ်ရောက်လာတယ်။ အဆောင်မှာ နားနေကြတဲ့ အလုပ်သမား ၈ ယောက် အဖမ်းခံရတယ်။ နှစ်ယောက်က အထောက်အထားရှိတဲ့အတွက် အဖမ်းမခံရဘူး။ တယောက်က ရဲလာတာတွေ့တော့ ထွက်ပြေးလို့ လွတ်သွားတယ်။ ထွက်ပြေးတဲ့သူကို ရဲက လိုက်ဖမ်းရင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပါသေးတယ်။
ကိုအန်တို ဒီအလုပ်ကိုရောက်လာတာ အဒေါ်ဖြစ်သူတွေရဲ့ အဆက်အသွယ်နဲ့ လာတာပါ။ ဒီအလုပ်မှာ အဒေါ်ဖြစ်သူတွေက ၂ နှစ်ကျော်ကြာ လုပ်ကိုင်လာကြသူတွေပါ။ ၂ နှစ်ကျော်ကြာ အလုပ်လုပ်ပြီး ပန်းရောင်ကတ်ရိုက်ပေးတာ တနည်းအားဖြင့် လူသစ်ဘတ်စာရင်း တင်လို့ရတဲ့ အခွင့်အရေးနဲ့ နှစ်ကြိမ်တိတိ ကြုံပါတယ်။
ဒီလိုကြုံကြိုက်တဲ့ အခွင့်အရေးကို လက်လွတ်ခံကြတာပါ။ သူတို့အလုပ်ထဲက အကြီးအကဲတွေက ဘယ်လိုမျိုး ဖိအားပေးထားသလဲ ဆိုတာကိုတော့ မသိရပါဘူး။ အဒေါ်ဖြစ်သူရဲ့ အဆက်အသွယ်နဲ့ အသစ်ရောက်လာတဲ့သူတွေကိုလည်း အထောက်အထားမလုပ်ဖို့ကိုသာ စည်းရုံးပါတယ်။
သူ့အဒေါ်ရဲ့ ပုံစံကတော့ တရားဝင် အထောက်အထားလုပ်ရမှာကို ကြောက်ရွံ့နေပြီး တရားမဝင်နေပြီး အလုပ်လုပ်နေရတာကိုပဲ ပိုနှစ်သက်တဲ့ပုံစံ ရှိနေတာပါ။ ဘယ်လိုကြောင့်လဲ ဆိုတာကိုတော့ အခုချိန်အထိ အကဲခတ်လို့ မရဘူးလို့ ကိုအန်တိုက ပြောပါတယ်။
ကိုအန်တိုတယောက် ရွာမှာနေရင်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ အသက်အရွယ်အရ အံဝင်နေတာမို့ အခုလို ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့ ဖြစ်လာတာပါ။ ထိုင်းနိုင်ငံ ချွန်ပူရီနယ်ထဲက လူနေရပ်ကွက်နဲ့ အဆက်အသွယ်မရှိတဲ့ နေရာမှာနေပြီး အလုပ်နဲ့ အဆောင်။ အဆောင်နဲ့ အလုပ်သာ ခရီးအဝေးဆုံး သွားကြရတာပါ။ အပြင်ထွက်ပြီး လွတ်လွတ်လပ်လပ် သွားရဖို့ဆိုတာ အိပ်မက်တခုလိုပါပဲ။
ထိုင်းနိုင်ငံအစိုးရက ထုတ်ပေးမယ့် ပန်းရောင်ကတ် လူသစ်ဘတ်စာရင်း တင်ရဖို့ကိုလည်း မျှော်လင့်နေပါတယ်။ လူသစ်ဘတ်စာရင်း ထုတ်ပေးမယ့် အစီအစဉ် သတင်းတွေကိုလည်း ဖတ်ရှု နားထောင်ပါတယ်။ ဘတ်စာရင်းတင်ဖို့လည်း သူ့နည်းသူ့ဟန်နဲ့ ကြိုးစားနေတယ်လို့လည်း ကိုအန်တိုက ပြောပြပါတယ်။ အကြောင်းကတော့ အဒေါ်ဖြစ်သူတွေက တရားဝင်အထောက်အထား လုပ်မှာကို မလိုလားကြတာမို့ပါ။
အဆောင်ကို ထိုင်းရဲတွေ ဝင်ဖမ်းတုန်းက သံသယဖြစ်မိတာ ရှိတယ်လို့လည်း ကိုအန်တိုက ဆိုပါတယ်။ မကြာခဏ နားရက်တွေယူပြီး အဆောင်မှာနေတာကို မန်နေဂျာဆိုသူက မျက်စိဆံပင်မွေး စူးနေပုံရတယ်လို့ ပြောပါတယ်။
အခုလို ရဲတွေဝင်ဖမ်းတဲ့နောက်ပိုင်း နားရက်မယူရဲကြတော့ဘူးလို့လည်း ရင်ဖွင့် ပြောပြပါသေးတယ်။ အဲဒီနေ့က ထိုင်းရဲတွေ အဆောင်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ အလုပ်ဆိုက်ထဲကို ဝင်ပြီး အထောက်အထားစစ်တာတွေ မလုပ်ပါဘူး။ အဆောင်ကိုလည်း ညအချိန် လူစုံချိန် ဝင်ဖမ်းတာမျိုးမဟုတ်ဘဲ နေ့လယ်ပိုင်း အလုပ်ချိန်မှာ ဝင်ဖမ်းတယ် ဆိုတာကို သံသယဖြစ်နေကြတာပါ။
သူတို့ကို သုံးလကြာသည်အထိ လစာမပေးတာတွေ၊ ငါးလကြာလို့ လစာအပြည့် မထုတ်ပေးတာတွေက သူတို့အလုပ်သမားတွေကြား စိတ်ပျက်စရာ ဖြစ်လာပါတယ်။
အလုပ်ထဲမှာလည်း မပျော်သလို အင်တိုက်အားတိုက် လုပ်ရမယ့် အလုပ်တွေမှာလည်း စိတ်ဓာတ်ခွန်အား မရှိတော့ပါဘူး။ အလုပ်တွေ အများကြီး ကြိုးစားပြလည်း လစာထုတ်မပေးတာ၊ လစာထုတ်ပေးပြန်တော့လည်း အပြည့်မရတာတွေ ရှိနေတာပါ။ ကိုအန်တို ဒီဆိုက်ကိုမရောက်ခင် ဆိုက်တခုမှာဆို သူဌေးက ဒေဝါလီခံလိုက်တယ်ဆိုပြီး သူတို့ကို လစာမပေးပါဘူး။
လူဟောင်းအလုပ်သမားတွေကတော့ သူဌေးက သဘောကောင်းသူပါ။ အခုလို လစာမပေးနိုင်တာကို အပြစ်မမြင်ကြဖို့ လူသစ်အလုပ်သမားတွေကို လိုက်ဖျောင်းဖျကြပါတယ်။ လူဟောင်းအလုပ်သမားတွေထဲမှာ ကိုအန်တိုရဲ့ အဒေါ်တွေလည်း ပါပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရောက်ရောက်ချင်း ပထမဆုံး လုပ်ရတဲ့အလုပ်က ပန်းရံအလုပ်ပါ။ သူဌေးက ဒေဝါလီခံလိုက်ရတာလိုလို ဆိုက်အပ်ချိန် နောက်ကျလို့ လက်ကျန်ငွေ မရတော့တာလိုလိုနဲ့ ဘယ်သတင်းမှ အတည်မပြုနိုင်ကြပါဘူး။ အတည်ပြုနိုင်တာတခုက တလခွဲစာ လစာမရကြတော့တာပါပဲ။
နောက်နေရာတခုကို ပြောင်းဖို့ လုပ်ရပါတယ်။ ပစ္စည်းတွေကို တရက်ကို တခေါက်နှုန်းနဲ့သာ သယ်ပါတယ်။ လေးခေါက်မြောက်မှာတော့ လက်ကျန်ပစ္စည်းနည်းနည်းနဲ့ ကိုအန်တိုတို့အဖွဲ့ပါ လိုက်ပါသွားကြရပါတယ်။ သူတို့ခေါ်သွားတဲ့အချိန်က နေ့တနေ့တာရဲ့ အစောပိုင်း လူတွေအိပ်မောကျနေတဲ့အချိန် ထိုင်းစံတော်ချိန် မနက် ၂ နာရီတိတိမှာ သူဌေးက ဒေဝါလီခံလိုက်ရပါတယ်ဆိုတဲ့ ဆိုက်နဲ့ အလုပ်သမားထားတဲ့အဆောင်ကို ကျောခိုင်းလာခဲ့ကြရတာပါ။
နောက်တနေရာကတော့ ဘောလုံးကွင်းတခုမှာပါ။ ဒီနေရာမှာတော့ သူတို့အလုပ်သမားတွေ သန့်ရှင်းရေးလုပ်တာ၊ ဆေးသုတ်တာတွေ လုပ်ရမှာလို့ ကြိုသိထားကြရပါတယ်။ သူ့ဖုန်းထဲက ဂူဂဲလ်မက်ပ်ကနေ ကြည့်တော့ တကယ့်ကို လူမနီးသူမနီး နေရာဆိုတာ သူသိလိုက်ရတယ်လို့ ဆိုပါတယ်။
ဒီနေရာမှာတော့ လစာပုံမှန်ထွက်တယ်လို့ ဆိုရမလိုပါ။ လစာအထွက်ပြ ထုတ်ပေးပါတယ်။ ခါတိုင်းလို အပြည့်မပေးတာတော့ ဆက်ရှိနေပြန်ပါတယ်။ အစားအသောက်အတွက် ဝန်းထဲမှာပဲ ဝယ်ခြမ်းရပြီး အပြင်ဈေးထက် ဈေးကြီးပေး ဝယ်စားရပါတယ်။ လစာ အပြည့်မရတာ၊ ရသလောက်လေးကိုမှ ဈေးကြီးပေးဝယ်ရတာတွေနဲ့ လုံးလည်ချာလည် လိုက်နေတယ်လို့ သူကဆိုပါတယ်။
ဒီနေရာကနေ နောက်ထပ်တနေရာကို ထပ်ပြောင်းရပြန်ပါတယ်။ အဲဒီနေရာမှာတော့ အလုပ်အမျိုးအစားမရွေး လုပ်ကြရပါတယ်။ သန့်ရှင်းရေး၊ ပန်းရံ၊ ဆေးသုတ်၊ ဂဟေဆော်တာပါအစ အကုန်လုပ်ကြရပါတယ်။
မန်နေဂျာဆိုသူကတော့ နားတာမကြိုက်သလို နားရင်လည်း ပြောဆို မာန်မဲတာတွေ လုပ်လာပါတယ်။ ဒီလိုအချက်တွေကြောင့်လည်း ကမ္ဘောဒီးယားနိုင်ငံသား အယောက် ၃၀ ကျော် အလုပ်ထွက်သွားကြတယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံသားတွေလည်း အခုလို အခြေအနေတွေကြားက ရုန်းထွက်သွားကြတာလို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ၁၆ နှစ်ကျော်ကြာ အလုပ်လုပ်ဖူးပြီး လက်ရှိလည်း ထိုင်းနိုင်ငံရဲ့ တနေရာက ကြံစိုက်ခင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုအန်တိုရဲ့ ဦးလေးဖြစ်သူကတော့ အခုလို မှတ်ချက်ပေးပါတယ်။
“သူတို့တွေကို ဖိုးလက်မောင်းလို့ ခေါ်တယ်။ မန်နေဂျာမရှိဘူး။ သူဌေးမရှိဘူး။ သူတို့(ကိုအန်တိုတို့)ကို အထောက်အထားမရှိမှ ခေါ်ထားလို့ရတာ။ ပြောရရင် ပွဲစားသဘောမျိုးပဲ။ တခုတော့ရှိတယ် သူတို့(ဖိုးလက်မောင်းတွေ)က ရဲတော့ပိုင်တယ်။ ရဲလာဖမ်းရင်တော့ ထုတ်ပေးတယ်” လို့ ဆိုပါတယ်။
အထောက်အထားမရှိတဲ့သူတွေကို စုခေါ်ထားပြီးတော့ ဘယ်လုပ်ငန်းခွင်မှာ ပုတ်ပြတ်ရနိုင်မလဲ ဆိုတာ စုံစမ်းချိတ်ဆက်ပေးတဲ့အဖွဲ့ ဖြစ်ပါတယ်။
အလုပ်သမားတွေက လုပ်ငန်းခွင်တခုရဲ့ သူဌေးနဲ့လည်း တိုက်ရိုက်ထိတွေ့ရတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံအစိုးရက တရားဝင်သတ်မှတ်ထားတဲ့ လုပ်ခလစာကိုလည်း မပေးဘူးလို့ ပြောပြပါတယ်။
“ရွာမှာ မုရင်း(နွေစပါး)စိုက်ဖို့ အရင်ဆုံး ဒိုက်တွေရှင်းတဲ့အခါ လယ်တဧကကို ဘယ်လောက်နှုန်း ဆိုပြီး ပုတ်ပြတ်ပေးလိုက်တယ်။ ဒီသဘောပဲ။ လယ်တဧကကို တမနက်ထဲ ပြီးအောင်လုပ်လည်း ရတယ်။ ကနဦး ငွေထုတ်တဲ့သူက သူ့အတွက် ဘယ်လောက်ကျန်မလဲဆိုတာ တွက်ပြီး လူငှားပြန်ခေါ်တာပဲ။ ဒါပေမဲ့ ငွေကြိုထုတ်ထားတဲ့သူက သုံးလို့ကုန်သွားရင် နေ့စားခနဲ့ အလုပ်လာဆင်းတဲ့သူက ပိုက်ဆံ တော်တော်နဲ့ မရတော့ဘူး။ ဒါက ကိုယ့်နိုင်ငံဆိုတော့ တနည်းနည်းနဲ့ စောင့်တောင်းလို့ရသလို ဆန်၊ ဆီ ယူပြီးတော့လည်း လုပ်အားခကို ယူလို့ရနိုင်သေးတယ်။ သူများနိုင်ငံမှာ အခုလိုဖြစ်ရင် ဘယ်သူ့သွားတိုင်မလဲ။ တိုင်လို့လည်း မရဘူး။ ကိုယ့်မှာ အထောက်အထားမရှိရင် ပိုဆိုးတာပေါ့” ကိုအန်တိုရဲ့ ဦးလေးဖြစ်သူက အခြေအနေကို ခိုင်းနှိုင်းပြောပြပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့နီးတဲ့ မြို့နယ်တွေမှာ အခုလို အထောက်အထားမရှိသူတွေကို အလုပ်ရှာပေးပြီး ခေါင်းပုံဖြတ်နေကြတဲ့ ဖိုးလက်မောင်းလို့ ခေါ်တွင်သူတွေ ဒုနဲ့ဒေး ရှိနေတယ်လို့ ပြောပါတယ်။
ထိုင်းအစိုးရက တရားဝင် အထောက်အထားလက်မှတ် ထုတ်ပေးတော့မယ်လို့ သတင်းထွက်တဲ့အခါတွေမှာ လုပ်ငန်းခွင်တွေထဲ ပိုပြီး ဖိအားပေး ခြိမ်းခြောက်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။ ထိုသူတွေ(ဖိုးလက်မောင်းတွေ)က လုပ်ငန်းခွင်ထဲက အလုပ်သမားတွေ တရားဝင် အထောက်အထား ရရှိသွားမှာကို စိုးရိမ်နေကြသူတွေ ဖြစ်တယ်လို့လည်း အဲဒီလုပ်ငန်းခွင်ထဲ ကျင်လည်နေကြသူတွေက မှတ်ချက်ပြုကြပါတယ်။
တာပလု
မှတ်ချက်။ ။ လုံခြုံရေးအရ ကိုအန်တိုကို အမည်လွှဲ ရေးသားထားပါတယ်။