မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံမှာ မကြာခင် ကျင်းပဖို့ရှိနေတဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ အာဆီယံက အဆိုပြုထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်အတွက် အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ လာအိုနိုင်ငံ အကြီးတန်းအရာရှိတယောက်က ပြောတဲ့အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
လာအိုနိုင်ငံမှာ သိပ်မကြာသေးခင်က ကျင်းပခဲ့တဲ့ ၈ ကြိမ်မြောက် အာဆီယံမီဒီယာဖိုရမ်မှာ အာဆီယံဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ချာတူလောင်း ဘိုအာဆီဆာဗက်သ်က ပြောလိုက်တာဖြစ်ပြီး ဆွေးနွေးပွဲမှာ အရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၊ လက်ရှိဥက္ကဋ္ဌ လာအိုနဲ့ နောက်လာမယ့် အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံတို့ ပါဝင်မယ်လို့လည်း ပြောလိုက်ပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူတွေအားလုံး တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံ အထူးသံတမန်တယောက် ခန့်အပ်ပြီး ကြားဝင်ညှိနှိုင်းပေးရေး၊ အာဆီယံကတဆင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးရေးနဲ့ အာဆီယံ အထူးသံတမန်က မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်တဲ့အဖွဲ့တွေ အားလုံးနဲ့ တွေ့ဆုံရေး စတာတွေပါဝင်ပြီး အာဆီယံခေါင်းဆောင်တွေအကြား သဘောတူညီထားတဲ့ ဒီအချက်တွေကို အကောင်အထည်ဖော်ဖို့ ပြန်လည်သုံးသပ်မယ်လို့ ဆိုပါတယ်။
လာအိုနိုင်ငံ အာဆီယံဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ချာတူလောင်း ဘိုအာဆီဆာ ဗက်သ်က “အဓိကရည်ရွယ်ချက်ကတော့ အများဆန္ဒနဲ့အညီ ဒါတွေကို အကောင်အထည်ဖော်ဖို့အတွက် ဆက်လုပ်သွားနိုင်ဖို့ပဲ ဆိုတော့ အရင်က အာဆီယံဥက္ကဋ္ဌရဲ့ လုပ်ဆောင်ချက် တိုးတက်မှုကို ပြန်သုံးသပ်ပြီး နောက်လာမယ့် ဥက္ကဋ္ဌက ဘာဆက်လုပ်ဆောင်သွားမယ် ဆိုတာတွေကို သိစေချင်လို့ပါပဲ”လို့ ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ် ဘာလန်ကူရာကတော့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို လာမယ့် ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၀ ရက်အထိ ကျင်းပဖို့ လျာထားပေမဲ့ ကျင်းပမယ့်ရက်ကို တခြား ပါဝင်သူတွေဘက်က အတည်ပြုဖို့ လိုအပ်နေသေးတယ်လို့ ပြောထားပါတယ်။
လာအိုနိုင်ငံ အာဆီယံဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ချာတူလောင်း ဘိုအာဆီဆာ ဗက်သ်က “မြန်မာပိုင် မြန်မာ့နည်းနဲ့ ငြိမ်းချမ်းတဲ့ အဖြေကို ရှာဖွေရာမှာ ဒီအချက် ၅ ချက်ပါ ဘုံသဘောတူညီချက်က ကူညီပေးနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်ကို လာအိုမှာကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်စေတာကလည်း ဒီအမြင်ကို ထင်ဟပ်စေပါတယ်'' လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်ကလည်း မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲတခုကို ထိုင်းအစိုးရရဲ့ ကမကထပြုမှုနဲ့ ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပြီး ဘာရလဒ်မှ ထွက်မလာခဲ့ပါဘူး။
ဒီဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံတွေထဲက ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်း၊ လာအို နိုင်ငံခြားရေးဝန်ကြီး ဆလုံးဆေးကိုမာဆစ်နဲ့ ဗီယက်နမ် နိုင်ငံခြားရေးဒုဝန်ကြီး ဒိုဟုန်ဗီယက်တို့ တက်ရောက်ခဲ့ပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ဝန်ကြီးတွေကတော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
အဲဒီအစည်းအဝေးမှာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်တို့ တက်ရောက်ခဲ့ပြီး အာဆီယံအနေနဲ့ CRPH၊ NUG၊ PDF နဲ့ မဆက်သွယ်ဖို့နဲ့ အားပေးထောက်ခံတာမလုပ်ဖို့ ပြောကြားခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ခဲ့ပါတယ်။
Source: Bangkok Post