ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်ထဲမှာ ဒီဇင်ဘာ ၂ ရက် ည ၇ နာရီလောက်က တရားမဝင် မြန်မာနိုင်ငံသား ၉ ယောက်နဲ့အတူ ကျည်ဆန်တောင့် ၃၀၀၀ နီးပါး ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကန်ကျနပူရီနယ်ခြားစောင့်တပ်၊ နယ်မြေခံရဲ၊ ကျေးရွာလုံခြုံရေးတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေထဲမှာ ရာဇဝတ်မှုကင်းစင်ရေးအတွက် ကင်းလှည့်လည်စစ်ဆေးစဉ် ကန်ကျနပူရီမြို့ ဘန့်ကောင်အုပ်စု ဟွေ့နမ့်ခေါင်ရွာသွားလမ်းဘေးတနေရာမှာ ပုန်းခိုနေတဲ့လူတစုကို တွေ့ရှိတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
စုစုပေါင်း အမျိုးသား ၈ ယောက်ဖြစ်ပြီး သူတို့ကို မသင်္ကာလို့ စစ်ဆေးရာမှာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်၊ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ အထောက်အထား တစုံတရာမရှိတာကြောင့် ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ တည်းခိုတဲ့နေရာ လိုက်ပြခိုင်းရာမှာ ဘန့်ကောင်ရပ်ကွက် နယ်မြေ ၁၅ က အိမ်နံပါတ်မရှိတဲ့ နေအိမ်တလုံးဖြစ်ပြီး အဲဒီအိမ်ထဲ ဝင်ရောက်ရှာဖွေတော့ သေတ္တာ ၄ လုံးထဲက ၂၂ မမ ကျည်ဆန်တောင့် ၂,၀၀၀၊ နောက်ထပ် ဘူးငယ် ၃၀ ထဲက ၁၂ မမ ကျည်ဆန် ၇၅၀ တောင့် တွေ့ရှိခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အိမ်ရှင်ဖြစ်သူ မြန်မာအမျိုးသားကို တရားမဝင် ဝင်ရောက်လာသူတွေ လက်ခံတည်းခိုခွင့်ပေးမှုနဲ့ ကနဦးအမှုဖွင့်ထားပြီး ကျည်ဆန်တွေနဲ့ပတ်သက်လို့ ဆက်လက်စစ်ဆေးနေတယ်လို့ တာဝန်ရှိသူကပြောကြောင်း ထိုင်းသတင်းမှာဖော်ပြထားပါတယ်။
Source: MGR Online