ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်ကနေ မြန်မာဘက်ခြမ်း မြဝတီမြို့ဘက်ကို သွယ်တန်းထားတဲ့ တရားမဝင်ကေဘယ်လ် အင်တာနက်ကြိုးတွေကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးတွေ့ရှိပြီး ဖြတ်တောက်အရေးယူလိုက်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မဲဆောက်-မြဝတီကြား သောင်ရင်းမြစ်အနီးမှာ မြန်မာဘက်ကို တရားမဝင် ကေဘယ်လ် ကြိုးတွေ သွယ်တန်းထားကြောင်း စုံစမ်းသိရှိရတဲ့အတွက် ထိုင်းအမျိုးသာအသံလွှင့်ရုံနဲ့ ဆက် သွယ်ရေးကော်မရှင် (NBTC)၊ ဆိုင်ဘာရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွဟာ ဒီဇင်ဘာ ၂ ရက်က မဲဆောက်မြို့၊ ထာ့ဆိုင်လွတ်ရပ်ကွက်၊ နယ်မြေ ၂ ရှိ သောင်ရင်းမြစ်ဘေးနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၁ အနီးတဝိုက်ကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။
စစ်ဆေးချက်အရ သောင်ရင်းမြစ်ဘေး မိုးရင်းဈေးအနီး ဓာတ်မီးတိုင်နဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၁ အောက်မှာ အင်တာနက် အမြန်နှုန်းအားကောင်းတဲ့ ကေဘယ်လ်ကြိုး စုစုပေါင်း ၁၆ ချောင်းကို တွေ့ရှိတယ်လို့ NBTC ဥက္ကဋ္ဌ နိုင်းနာ့သ်ထွဏ်း ဖော့ဆွန်ထွန်းက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါကြိုးတွေဟာ အရှည် ၃ မီတာ အကျယ် ၁၀၀ စတုရန်းမီတာပတ်လည်မှာရှိပြီး ထိုင်းမှာ စစ်ဆေးအရေးယူခဲ့ဖူးတဲ့ တရားမဝင်ကေဘယ်လ်ကြိုးတွေထဲက အရှည်လျားဆုံးနဲ့ အကြီးမားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ကြိုးလိုင်းတွေဟာ မြဝတီဘက်ကမ်းက စီးပွားရေးဇုန်ရှိ တရုတ်နိုင်ငံသားပိုင် တရားမဝင် လုပ်ငန်းတွေ၊ အထူးသဖြင့် ကမ္ဘာ့အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေမှာ အသုံးပြုဖို့ သွယ်တန်းထားတာဖြစ်နိုင်တယ်၊ ဒီကေဘယ်လ်လိုင်းတွေကနေ ကီလိုမီတာရာနဲ့ချီ ပတ်ပတ်လည် အင်တာနက်လိုင်း လွှမ်းခြုံပေးတယ်၊ ခုလို တရားမဝင်ကေဘယ်လိုင်း သွယ်တန်းမှုတွေ ဖမ်းဆီး အရေးယူခဲ့တာမှာ ဒီတကြိမ်ဟာ အရှည်လျားဆုံးနဲ့ ဧရိယာအကျယ်ပြန့်ဆုံးပဲလို့ NBTC ဥက္ကဋ္ဌက ပြောသွားပါတယ်။
ထိုင်းနိုင်ငံရဲ့ ဆက်သွယ်ရေးဥပဒေအရ ခွင့်ပြုချက်မရဘဲ ကေဘယ်လ်ကြိုးတွေ သွယ်တန်းရင် ပုဒ်မ ၆၇/၃ အရ ထောင်ဒဏ် ၅ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၀ သန်း ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံးကျခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
Source: MGR Online