ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်နဲ့ ဆောထိမြို့နယ် တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ အနည်းဆုံး ၃ ယောက်သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရသွားမယ်လို့ လယ်ဒိုကော်ဆာ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လူနေအိမ် စုစုပေါင်း ၁၆ လုံး၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ခရစ္စယာန်ဘုရားရှိခိုးကျောင်း ၅ ကျောင်း၊ ဆေးပေးခန်း ၂ ခန်း ထိခိုက်ပျက်စီးခဲ့ရတဲ့အပြင် နွား ၁ ကောင်လည်း ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကွဲမှုအောက်ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်၊ ကြည်းတပ်နဲ့ လေတပ်တွေက ကျေးရွာတွေထဲကို လက်နက်ကြီးအလုံးရေ ၂၄ လုံးနဲ့ လေတပ်ကနေ ဗုံး ၂ လုံးကြဲချခဲ့သလို အော်လီဂန်းနဲ့ ၄ ကြိမ် ဒရုန်းနဲ့ ၃၇ ကြိမ်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ က ဒီဇင်ဘာ ၆ ရက်မှာ ဝါးပင်စုကျေးရွာကို လက်နက်ကြီး ၁၂၀မမ တလုံး၊ လိန်ပင်ကျေးရွာကို လက်နက်ကြီး ၁၂၀မမ တလုံး ပစ်ခတ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၇ ရက်မှာ အင်းနက်ကျေးရွာကို လက်နက်ကြီး ၁၂၀မမ ၂ လုံး၊ ဒီဇင်ဘာ ၈ ရက်မှာ နတ်သံကွင်းမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်က သောင်ပုကျေးရွာကို လက်နက်ကြီး ၁၂၀မမ တလုံး၊ ရွှေဝါတပ်ရင်းမှ ခမရ-၃၀၇က ခြောက်တဲစု ကျေးရွာကို လက်နက်ကြီး ၁၂၀မမ ၂ လုံး၊ ဒီဇင်ဘာ ၉ ရက်မှာ နတ်သံကွင်းမှ စကစတပ်က ကုန်းချောင်းဝ ကျေးရွာ ဗုဒ္ဓဘာသာ ဘာသာရေးကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး ၁၂၀ မမ ၂ လုံး စုစုပေါင်း ၉ လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သောင်ပုကျေးရွာသား စောကျော်သူထွန်း (၃၅)နှစ်၊ စောဆဲဂေး (၄၁) နှစ်နဲ့ နော်သွန်းရနာထွန်း (၁) နှစ်တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် ၃ လုံးနဲ့ ဆိုင်ကယ်တစီး ပျက်စီးခဲ့ပါတယ်။
ဆောထိမြို့နယ်မှာလည်း ခမရ-၂၀ တပ်က တော်ဝိကျေးရွာမှာ နေရာယူထားပြီး ဂွေးကုန်းကျေးရွာသို့ ၁၂၀မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာလည်း သိမ်ဇရပ်အမြောက်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် ရာဘာအစေးခြစ်နေတဲ့ အမျိုးသမီး ၂ ယောက်နဲ့ ကလေး တယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်မျိုးသားအစည်းအရုံး (KNU) ဗဟိုက သတင်းထုတ် ပါတယ်။
ကျိုက်ထိုမြို့နယ်အခြေစိုက် (အမှတ်-၃၁၀) သိမ်ဇရပ်အမြောက်တပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် ည ၉ နာရီခွဲလောက်မှာ ၁၂၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ် ဝင်းကံစစ်ဆေးရေးဂိတ်အနီးရှိ ခရွဲကျေးရွာ အပိုင် ရာဘာခြံ အနီးတဝိုက်ကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီးကြောင့် ရာဘာအစေးခြစ်နေတဲ့ အသက် (၅၉) နှစ်အရွယ် အမျိုးသမီး တယောက် ၊ အသက် (၁၇) နှစ်အရွယ် မိန်းကလေး တယောက်နဲ့ အသက် (၁၁) နှစ်အရွယ် ကလေးတယောက် တို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက "စစ်ကောင်စီတပ်က စစ်နဲ့မသက်ဆိုင်တဲ့ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေကြောင်းနဲ့ ပြည်သူလူထုကိုမထိခိုက်တဲ့နည်းလမ်းနဲ့ စစ်ကိုစစ်နဲ့တူအောင် သတ္တိရှိရှိတိုက်ယူရတယ်ဆိုတာကို မက်ဆေ့ချ်ပေးချင်ပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် သထုံခရိုင် ကျိုက်ထိုမြို့နယ်အခြေစိုက် အမှတ် (၃၁၀) သိမ်ဇရပ်အမြောက်တပ်အနေနဲ့ ဒေသခံတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တာ ၊ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာအပါအဝင် စစ်ကြောင်းထိုးဝင်ရောက်တာတွေကြောင့် ဒေသခံ ၉၅,၂၇၃ ယောက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU မှတ်တမ်းတွေအရ သိရပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အပြစ်မဲ့ ပြည်သူလူထုက လူမှုဘဝလုံခြုံမှုကင်းမဲ့စွာ အသက်ရှင်နေထိုင် ရပ်တည်နေရတာကြောင့် အကြမ်းဖက်မှုတွေကို ကျူးလွန်လာနဲ့ အားပေးလှုံ့ဆော်နေတာကို ရပ်တန့်ဖို့ လယ်ဒိုကော်ဆာ အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီက တောင်းဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သားပြည်သူကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်မှု ချက်ချင်းရပ်တန့်ဖို့ ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့နဲ့ စစ်ရှောင်ပြည်သူလူထုရဲ့ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါတယ်။