ထိုင်း ငါးဖမ်းသင်္ဘောအုပ်စုကို မြန်မာရေတပ်ကပစ်ခတ်ခဲ့လို့ ငါးဖမ်းသမား ၁ ယောက် ရေနစ်သေဆုံးခဲ့ပြီး လှေတစင်းက သင်္ဘောသား ၃၁ ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်က မြန်မာရေပိုင်နက်အတွင်း ရေမိုင် ၄ မိုင်ကနေ ၅ ဒသမ ၇ မိုင် အကွာလောက်မှာ ထိုင်းငါးဖမ်းသင်္ဘော ၁၅ စင်း အုပ်စုထဲက ၂ စင်းကို ပစ်ခတ်ခဲ့တာလို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ထာနာတစ်ပ် စာဝမ်ဆောင်က သတင်းထုတ်ပြန်ထားပါတယ်။
ပစ်ခတ်ချိန်မှာ ငါးဖမ်းသမား ၃ ယောက် ရေထဲခုန်ချခဲ့လို့ ၁ ယောက် ရေနစ် သေဆုံးပြီး ၂ ယောက်ကို ထိုင်းရေတပ်က ကယ်ဆယ်နိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ငါးဖမ်းသမား ၃၁ ယောက်ပါတဲ့ လှေတစင်းကိုလည်း မြန်မာရေတပ်က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ထာနာတစ်ပ်က ပြောပြီး သူတို့ကိုပြန်လွှတ်ပေးဖို့ ထိုင်းရေတပ်က ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိကွန်ဒက် ဘာလန်ကူရကလည်း မှတ်ချက်ပေးဖို့ တယ်လီဖုန်းဆက် တောင်းဆိုချက်ကို မြန်မာစစ်ကောင်စီက ချက်ချင်းမတုံ့ပြန်ဘဲ ငါးဖမ်းသမားတွေကို ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေ ရှိ၊ မရှိ အကဲဖြတ်ဖို့ ဝန်ကြီးဌာနက မြန်မာဘက်ကတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
မြန်မာနဲ့ ရေကြောင်းနယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင်က ငါးဖမ်းဌာနက အဲဒီနယ်နိမိတ်အနားမှာ ခရီးသွားလာရာမှာသတိထားကြဖို့ ထိုင်းငါးဖမ်းသင်္ဘောတွေကို တိုက်တွန်းထားပါတယ်။