အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တယောက် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ရတဲ့အကြောင်း Hindustan Times သတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီလောက်က ကမ်ဂျုံးခရိုင်ထဲက အပြည်ပြည်ဆိုင်ရာ နယ်ခြားမှတ်တိုင် ၈၅ နဲ့ ၈၆ ကြားမှာ ဖြစ်ပွားခဲ့တယ်လို့ အဆိုပါ ကိစ္စနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အာသံရိုင်ဖယ်တပ်သားကတော့ အသက် ၄၅ နှစ်အရွယ် ဘို့ဂျ် ရမ်လို့ သတင်းမှာ ဖော်ပြထားပြီး အင်ဖာရ်မြို့က ရှီဂျာဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဆေးရုံတာဝန်ရှိသူတွေကတော့ ကျည်ဆန်ဟာ လည်ပင်းကို ဖြတ်ဝင်သွားပြီး နောက်ကျောကနေ ထွက်သွားတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး အထူးကြပ်မတ် ကုသဆောင် (ICU) မှာ ကုသမှုခံယူနေတယ်လို့ ပြောပါတယ်။
လတ်တလောမှာတော့ အဆိုပါ ပစ်ခတ်မှုမှာ ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Hindustan Times