Home
မြန်မာသတင်း
ရှမ်းမြောက်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် တလအတွင်း ပြည်သူ ၃၄ ဦး သေဆုံး၊ ၈၇ ဦး ဒဏ်ရာရ
DVB
·
November 4, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းဒေသမှာ အောက်တိုဘာ တလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၃၄ ယောက် သေဆုံးပြီး ၈၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (TNLA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့ပြီးနောက်ပိုင်း PSLF/TNLA နဲ့ တော်လှန်ရေးတပ်တွေဟာ သီပေါနဲ့ နောင်ချိုမြို့တွေမှာ တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့နယ်မှာ အောက်တိုဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အပါအဝင် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အမျိုးသား ၁၃ ယောက်၊ အမျိုးသမီး ၁၄ ယောက် သေဆုံးကာ အမျိုးသား ၃၇ ယောက်နဲ့ အမျိုးသမီး ၃၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅၅ လုံး ထိခိုက် ပျက်စီးခဲ့ရပါတယ်။

သီပေါမြို့နယ်မှာလည်း အောက်တိုဘာ တလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးပြီး အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၃ ယောက်နဲ့ ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃၂ လုံး ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မြို့နယ်နဲ့ ကျေးရွာတွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ ထိခိုက်၊ သေဆုံးမှုတွေ များစွာရှိနေပြီး နေအိမ်၊ စာသင်ကျောင်းတွေ အပါအဝင် ဘာသာရေး အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးမှုတွေ အများအပြား ရှိနေတာလည်း ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကွတ်ခိုင်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချခဲ့တာကြောင့် အမျိုးသားတ‌ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

နမ့်ဆန်မြို့နယ်မှာလည်း အောက်တိုဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တလတာအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၁ ယောက် သေဆုံးပြီး အမျိုးသား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၈ လုံးနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

စစ်ရေးနဲ့နီးစပ်သူတယောက်က “တိုက်ပွဲဖြစ်ပွားတာမရှိ (စစ်ရေးပစ်မှတ်မဟုတ်တဲ့) နေရာ မြို့ပေါ်၊ ကျေးရွာတွေမှာ လိုက်လံဗုံးကြဲနေတာက ဒေသခံပြည်သူလူထုတွေကို ဦးတည်တိုက်ခိုက်နေတာ ဖြစ်တယ်။ စစ်ရှုံးပြီး ကြံရာမရ ဥပမာ-မစားရတဲ့အမဲ သဲနဲ့ပတ်တာပေါ့ဗျာ။ TNLA/ MNDAA/ AA စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ နယ်မြေတွေမှာနေတဲ့ ပြည်သူတွေ ဘယ်တော့မှ အေးအေးချမ်းချမ်း မနေစေရဘူးဆိုတဲ့ ယုတ်မာတဲ့လုပ်ရပ်ဖြစ်တယ်။ ဒီအကျိုးဆက် ဒီစစ်အာဏာရှင်တွေ ပြန်ခံရမှာပါ” လို့ ပြောပါတယ်။

အဘက်ဘက်ကနေ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ လေကြောင်းကို အဓိကထား အသုံးပြု တိုက်ခိုက်လာပြီး ဒေသခံပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ များလာတာကြောင့် အောက်တိုဘာ တလအတွင်းမှာ တအာင်း ဒေသခံ ၃၄ ယောက်သေဆုံးခဲ့ပြီး ၈၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀၁ လုံးအပါအဝင် ဘုန်းကြီးကျောင်း ၂ ကျောင်းလည်း ပျက်စီးခဲ့ရတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013